လောင်းလုံးမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲနေ
လောင်းလုံးမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲနေ
လောင်းလုံးမြို့နယ်ထဲက ကျေးရွာတချို့ကို မနေ့ ညပိုင်းကတည်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီးတပ်စွဲထားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
မနေ့ည ၉ နာရီခွဲဝန်းကျင်က မြေတင်ကားတစ်စီး Vigo ကားတစ်စီးနဲ့ ရောက်ရှိလာပြီး သိပ်မကြာခင် နောက်ထပ် Vigo ကား ၂ စီးထားဝယ်ဘက်ကနေထပ်မံရောက်ရှိလာတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ဂေါ့အင်းရွာစာသင်ကျောင်းမှ မြေတင်ကားတစ်စီးနဲ့ Vigo တစ်စီး၊ စစ်သားအင်အား ၄၀ ဝန်းကျင် တပ်စွဲထားတယ်လို့ဆိုပါတယ်။
နောက်ထပ်ဗီဂိုး ၂စီးကလည်း ကဒက်ကြီးကျေးရွာ စာသင်ကျောင်းမှာ အင်အား ၃၀ ဝန်းကျင်နဲ့ရောက်ရှိနေတယ်လို့သိရပါတယ်။
” ဒီနေ့မနက်ပိုင်းအထိတော့ စစ်ဆေးတာ၊ သေနတ်ပစ်ဖောက်တာတွေမရှိသေးဘူး။ ကားနဲ့ရွာထဲမှာ သွားလိုက်လာလိုက်လုပ်နေတာတော့ရှိတယ်။ သူတို့ သုံးလေးရက်လောက်ဆက်နေမယ်လို့လည်းပြောသံကြားတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဘာကြောင့် အခုလိုရောက်ရှိလာတယ်ဆိုတာကိုတော့မသိရသေးပါဘူး။
ဒီနေ့မနက်ပိုင်းမှာလည်း မင်းရပ်ကျေးရွာဘက်ကနေခြေလျင်ဆင်းလာတဲ့စစ်ကောင်စီတပ်သား တွေနဲ့ အင်းဇောက်ရွာဘက်ကနေတက်လာတဲ့ ပျူစောထီး၊
စစ်ကောင်စီတပ်သားတွေ စုစုပေါင်း ၂၀ ကျော်လောက်ဟာလည်း ပန္ဒလဲကျေးရွာစာသင်ကျောင်းကိုရောက်ရှိနေတယ်လို့သိရပါတယ်။
ဒီနှစ်လယ်လောက်ကပဲ လောင်းလုံးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ဖူးတာကြောင့် ဒေသခံတချို့ကတော့စိုးရိမ်နေကြပါတယ်။
The Tanintharyi Times
