သရက်ချောင်းမှာ တိုက်ပွဲတွေနဲ့ စစ်​ကောင်စီတပ်ရဲ့ဖမ်းဆီးမှုတွေကြောင့် ရွာ ၆ ရွာက အိမ်ထောင်စု သုံးထောင်နီးပါးထွက်ပြေးတိမ်းရှောင်နေရ

သရက်ချောင်းမှာ တိုက်ပွဲတွေနဲ့ စစ်​ကောင်စီတပ်ရဲ့ဖမ်းဆီးမှုတွေကြောင့် ရွာ ၆ ရွာက အိမ်ထောင်စု သုံးထောင်နီးပါးထွက်ပြေးတိမ်းရှောင်နေရ

ဓာတ်ပုံ-ကနက်သီရွာက စစ်ဘေးရှောင်တွေ။(ကနက်သီရိရွာသူ/သားများ...လူမှုကွန်ရက်)

အခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ စစ်​ကောင်စီတပ်ရဲ့ဖမ်းဆီးမှုတွေကြောင့် သရက်ရက်ချောင်းမြို့နယ်မှာရှိတဲ့ ရွာ ၆ ရွာက အိမ်ထောင်စု သုံးထောင်နီးပါး တိမ်းရှောင်နေရတယ်လို့ ဒေသခံစစ်ဘေးရှောင်ပြည်သူတွေဆီကနေသိရပါတယ်။

လက်ရှိစစ်ဘေးရှောင်နေရတာဟာ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာက ဒေသခံတွေဖြစ်ပြီး အများစုကတော့ နီးစပ်ရာ မြို့၊ ရွာတွေဆီကို ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

အဲဒီထဲက ကနက်သီရိရွာဒေသခံတွေကတော့ ရွာအနီးအနားမှာပဲ တိမ်းရှောင်နေရပြီး ပိတ်မိနေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။

“လက်ရှိက ပိတ်မိနေတဲ့အနေအထားပါ။ အရေးပေါ်လိုအပ်နေတာက ခြင်ထောင်၊ ဆန်နဲ့ရိက္ခာတွေ လုံးဝမရှိတော့ပါဘူး။” လို့ ပြောပြပါတယ်။

ဒီကနေ့မနက်ပိုင်းကတော့ ကနက်သီရိရွာ လှေဆိပ်ဘက်ကို တပ်စုတစ်စုဆင်းသွားတယ်လို့ သိရပြီး စစ်ကောင်စီတပ်က ရွာထဲကထွက်မှာလား ဆက်နေဦးမှာလားဆိုတာကိုတော့ မသိသေးဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ကနက်သီရိရွာ ဘုန်ကြီးကျောင်းမှာ လူသားဒိုင်းကာအနေနဲ့ အဖမ်းခံထားရတဲ့ ဒေသခံ ၄၀ ကျော်ကိုတော့ မနေ့ညက ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမှာတော့ ကနက်သီရိရွာထဲကို စစ်သင်္ဘောနောက်တစ်စီးထပ်ဝင်လာနေတယ်လို့ သိရပြီး ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်မဲ့ အခြေအနေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ရငဲရွာက ဒေသခံအမျိုးသမီးတစ်ဦးက “နေ့နေ့ညည ပစ်သံခတ်ခံတွေလည်း ညံနေတာပဲ။ ခုရှောင်လာတာကလည်း ဘယ်နေရာကြည့်ကြည့်တောတွေချည်းပဲ။ လယ်လုပ်တဲ့ ရာသီမှာလယ်မလုပ်ရဘဲပြေးနေရတယ်။” လို့ ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီ‌လောက်ကလည်း ကနက်သီရိရွာအနီး နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ သိရပြီး အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ် ကနက်သီရိရွာကို ဇွန်လ ၈ ရက်က စစ်​ကောင်စီတပ်သားတွေဝင်ရောက်လာပြီးနောက် အနီးအနားကျေးရွာတွေမှာ စစ်​ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပါတယ်။

The Tanintharyi Times