လမ်းခရီးမှာအစစ်အဆေးများတာနဲ့ စက်သုံးဆီစျေးကြီးမြင့်တာတွေကြောင့် ထားဝယ် အဝေးပြေးယာဥ်လိုင်းတွေ အခက်အခဲဖြစ်နေ
လမ်းခရီးမှာအစစ်အဆေးများတာနဲ့ စက်သုံးဆီစျေးကြီးမြင့်တာတွေကြောင့် ထားဝယ် အဝေးပြေးယာဥ်လိုင်းတွေ အခက်အခဲဖြစ်နေ
ဆီစျေးအဆမတန် မြင့်လာတာ၊ လမ်းခရီးမှာ အစစ်အဆေးများတာနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ထားဝယ်အဝေးပြေးယာဥ်လိုင်းတချို့ အခက်အခဲကြုံတွေ့နေရတယ်လို့ ယာဥ်လိုင်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
ရန်ကုန် – ထားဝယ်ကားလမ်းတစ်လျှောက်မှာ စစ်ဆေးဂိတ် ၁၀ ကျော်လောက်အထိရှိပြီး မလွှဲတောင်ကနေ ကလိန်အောင်အထိဟာ စစ်ဆေးရေးဂိတ်အများဆုံးနေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
“အတက်ထက် အဆင်းကိုပိုစစ်တယ်။ တနင်္သာရီတိုင်းထဲအဝင်ဆိုရင် တင်းတင်းကြပ်ကြပ်ကိုအကြာကြီး စစ်တာပါ။ အဓိကကတော့ မလွှဲတောင်ဂိတ်ပေါ့” လို့ အဝေးပြေးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ကုန်ပစ္စည်းတွေကို တစ်ခုချင်းဆွဲထုတ်ပြီးစစ်တာ၊ ဓားနဲ့ခွဲပြီးစစ်တာတွေအထိ ပြုလုပ်ပြီး ကားတစ်စီးကို ၂နာရီလောက်အထိ ကြာတယ်လို့ သိရပါတယ်။
ဒါကြောင့် အရင်ကနေ့ချင်းရောက်တဲ့ခရီးတွေဟာ ညအိပ်ခရီးစဉ်အဖြစ် သွားလာနေရပြီး နှစ်ဖက်စစ်ရေးတင်းမာနေချိန်တွေမှာ ခရီးစဥ်ရပ်နားလိုက်ရတာတွေအထိ ရှိတယ်လို့ သိရပါတယ်။
“အခုက ခရီးကြာချိန်ကို ပုံမှန်တွက်လို့မရတော့ဘူး။ လမ်းကြောင်းအခြေနေကြည့်၊သတင်းနားစွင့်ပြီး မောင်းရတယ်။ ည ၈နာရီကျော်ရင်တော့ မမောင်းကြတော့ပဲ ထမင်းဆိုင်တွေတည်းခိုခန်းတွေ ရှိတဲ့နားမှာ ရပ်ကြတယ် ” လို့ ယာဉ်မောင်းတစ်ဦးက ဆက်ပြောပါတယ်။
ခရီးကြန့်ကြာတာ၊ အစစ်အဆေးများတာနဲ့ စစ်ရေးအခြေအနေတွေကြောင့် ခရီးသည်တွေက လေကြောင်းလိုင်းကို ပိုမိုအသုံးပြုလာကြတာတွေလည်း ရှိနေပါတယ်။
ယာဥ်လိုင်းတွေဘက်ကလည်း ခရီးသည်နည်းပါးတဲ့ပြဿနာနဲ့ စက်သုံးဆီစျေးကြီးမြင့်တဲ့ပြဿနာတွေအပြင် လမ်းခရီးမှာတိုက်ပွဲဖြစ်ပွားတာတွေကြောင့် လက်ရှိမှာ ခက်ခက်ခဲခဲရပ်တည်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရန်ကုန် – ထားဝယ် အဝေးပြေးယာဥ်တွေဟာ မနက်၊ နေ့လည်နဲ့ ညနေ သုံးချိန်စလုံးပြေးဆွဲနေဆဲဖြစ်ပြီး ကားလက်မှတ်တစ်စောင်ကို ကျပ် ၃သောင်းခွဲ ရှိပါတယ်။
The Tanintharyi Times
