ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကန်ဒေါ်လာ ၆သန်းကျော် ဗြိတိန် ထပ်မံကူညီမယ်
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကန်ဒေါ်လာ ၆သန်းကျော် ဗြိတိန် ထပ်မံကူညီမယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထပ်မံပေးအပ်သွားဖို့ စီစဥ်ထားတယ်လို့ ဗြိတိန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ဝန်ကြီး Anne-Marie Trevelyan က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဆက်လက်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ရောက်ရှိရေးအတွက် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးဖို့လည်း ကတိပြုခဲ့ပါတယ်။
အဲ့ဒီ ကြေညာချက်အရ ဗြိတိန်အနေနဲ့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၁ သန်း (ပေါင် ၅ ဒဿမ ၂၆) ပေးအပ်သွားမှာဖြစ်ပြီး အဲဒီ့ပမာဏထဲက ပေါင် ၄ ဒသမ ၂၆ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကတဆင့် ထောက်ပံ့ပေးမှာဖြစ်ပြီး ကျန်ပေါင် ၁ သန်းကိုတော့ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ မီးဖိုသုံး ဓာတ်ငွေ့ သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကတဆင့် ပေါင်းအိုးတွေ ဝယ်ယူပံ့ပိုးသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားတောင်ပိုင်းနယ်စပ်ခရိုင် မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၃၃ ခုရှိနေပြီး ရိုဟင်ဂျာ ၁ ဒသမ၂ သန်းကျော် ခိုလှုံနေကြပါတယ်။
ဒါ့အပြင် ဒုက္ခသည် ၄၄၉,၀၀၀ အတွက် စားနပ်ရိက္ခာတွေကို WFP ကတဆင့် ကူညီပံ့ပိုးတဲ့ ဗြိတိန်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှု အစီအစဥ်အသစ် အတွက် ဝန်ကြီး Trevelyan အနေနဲ့ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကို အခုလ အတွင်း သွားရောက်ကြည့်ရှုဖို့ စီစဥ်ထားတယ်လို့ ကြေညာချက်မှာ ပါရှိပါသေးတယ်။
အဲ့ဒီအခရီးစဥ်အတွင်း ဗြိတိန်- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောက်ရွက်မှု အားကောင်းစေရေးအတွက် သူမအနေနဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina နဲ့ နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen တို့နဲ့ပါ တွေ့ဆုံသွားမှာဖြစ်ပြီး သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သူမရဲ့ ကြေညာချက်ထဲမှာ ကော့ဘဇားမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာတွေအတွက် UK အနေနဲ့ တတ်နိုင်သမျှ ပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားတယ်လို့ Trevelyan က ကတိပြုထားပါတယ်။
“ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ဘေးကင်းလုံးခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်စေရေးအတွက် ရေရှည်ကိုင်တွယ်ဖြေရှင်းပေးဖို့ ဗြိတိန်က ဆက်လက်တိုက်တွန်းသွားမယ်” လို့ သူမက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိသျှ မဟာမင်းကြီး Robert Chatterton Dickson က “ဒီခရီးစဉ်ဟာ အင်ဒို-ပစိဖိတ် မိတ်ဖက်နိုင်ငံအဖြစ် ဗြိတိန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ မြန်ဆန်အားကောင်းတဲ့ ဆက်ဆံရေးကို သက်သေပြနေသလို အနာဂတ်မှာလည်း ပိုမို ရင်းနှီးပွင့်လင်းစွာ ရည်ရွယ်ချက်တွေကို လက်တွဲအကောင်အထည်ဖော်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် လူမှုအဖွဲ့အစည်းတွေအတွက် ပေါင်း သန်း ၃၅၀ ကို ဗြိတိန်ကထောက်ပံ့ထားပြီး ဖြစ်ပါတယ်။
Ref: Anadolu Agency
The Tanintharyi Times
