တိုက်ပွဲဆက်လာတဲ့ပုလောမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေကို အသိပေး

တိုက်ပွဲဆက်လာတဲ့ပုလောမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေကို အသိပေး

ရုပ်သံ - မနေ့ကထမင်းမစားရွာတိုက်ပွဲမြင်ကွင်း

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာ ဒီနေ့ကဆို ၅ ရက်မြောက်ရှိပါပြီ။

စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြည့်တင်းတာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် အခုလ ၇ ရက်နေ့ကစပြီး ပုလောမြို့နယ်အတွင်းက တိုရွာ၊ ပိတပ်ရွာ၊ မြဒေါင်ရွာ၊ ပဝတ်ကုန်းနဲ့ ထမင်းမစားကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။

“လက်ရှိဆိုရင် မြို့နယ်တစ်ခုလုံးမှာ လှုပ်ရှားနေတဲ့ မြေပြင်စစ်ကောင်စီ အင်အား ၃၀၀ ကျော် ၄၀၀ လောက်အထိရှိမယ်။ ပလမြို့တဝိုက်တောင် ၂၀၀ ကျော်လောက်ရှိပါတယ်” လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းရဲ့ ၉ရက်နေ့ က စစ်ရေးထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး ၈ ဥဦးဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထမင်းမစားရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့က မနက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းဘက်က ပြောပါတယ်။

ပုလောမြို့နယ်၊ နတ်အိမ်ကမ်းကျေးရွာဘက်မှာတော့ မနေ့က ညပိုင်းကနေ ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေသလို နှစ်ဖက် ပစ်ခတ်တိုက်ခိုက်တာတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အခု ၅ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က တို၊ တန်းရှင်း၊ ပိတပ်၊ ပဝတ်ကုန်း၊ မြဒေါင်နဲ့ ကဒဲကျေးရွာတွေဘက်ကို တိုက်ပွဲမဖြစ်ပွားတဲ့အချိန်တွေမှာပါ လက်နက်ကြီးပစ်ခတ်နေခဲ့ပါတယ်။ အခုလိုပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ အရပ်သားအရေအတွက်ဟာလည်း ၆ ဦးထက်မနည်းရှိလာခဲ့ပါတယ်။

ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကတော့ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်လို့ ပုလောမြို့နယ်အတွင်းက ပြည်သူတွေ အရေးတကြီးပစ္စည်းတွေထုပ်ပိုးထားကြဖို့နဲ့ တိုက်ပွဲသတင်းနားစွင့်ဖို့ အသိပေးကြေညာထားပါတယ်။

The Tanintharyi Times