လောင်းလုံးက နေအိမ် ၅ ဆောင်ကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ မီးရှို့ဖျက်ဆီးသွား

လောင်းလုံးက နေအိမ် ၅ ဆောင်ကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ မီးရှို့ဖျက်ဆီးသွား

ပုံစာ - မီးရှို့ဖျက်ဆီးခံရတဲ့ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာက နေအိမ်တွေ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာက နေအိမ် ၅ ဆောင်ကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေ ဒီကနေ့ မနက် အာရုံဦးအချိန်မှာ မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံတွေဆီကသိရပါတယ်။

မနက် ၄ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေ ရောက်လာပြီး ပျူစောထီးလက်ညှိုးထိုးတဲ့ နေအိမ်တွေကို မီးရှို့သွားတာလို့ ​ဒေသခံက ဆိုပါတယ်။

“အရင်ဆုံးအဲဒီတဝိုက်အိမ်တွေက ဖုန်းတွေကိုသိမ်းတယ် ပြီးတာနဲ့ မီးရှို့တာပဲ။ သေနတ်တွေလည်း ရမ်းသမ်းပစ်ကြတယ်” လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်ဟာ ကျောက်နီမော်ကျေးရွာကို လှေနဲ့ဆင်းလာပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေကို ခေါ်ယူကာ အခုလိုမီးရှို့သွားတာလို့ ​ဒေသခံကရှင်းပြပါတယ်။

“ရေလမ်းကနေလာတာပါ။ လာတဲ့အချိန်က မှောင်သေးတော့ ရဘဲကမ်းကလား၊ သကျက်တောဘက်ကဝင်တာလားမသိဘူး။ မီးရှိူ့ပစ်ခတ်ပြီးတာနဲ့ သိပ်မကြာဘူး ပြန်သွားတယ်” လို့ ဒေသခံက ဆက်​ပြော​ပါတယ်။

မီးရှို့ခံရတဲ့ နေအိမ် ၅ ဆောင်မှာ ၃ ဆောင်ပြာကျပျက်စီးခဲ့ပြီး ၂ ဆောင်ကတော့ မီးငြိမ်းသတ်နိုင်လို့ တချိူ့တဝ​က်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အဲဒီနေအိမ်တွေက ဆိုင်ကယ် ၂ စီးလည်းမီးလောင် ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့နေအိမ်တွေဟာ သာမာန်ပြည်သူနေအိမ်တွေသာဖြစ်ပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

မီးရှို့သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်နီမော်ရွာကနေ အခုအခါပြန်သွားကြပြီး ၁၁ နာရီလောက်မှာ ညင်းမော်မြစ်ကမ်းကို ကျော်လွန်ဆန်တက်သွားတယ်လို့ သိရပါတယ်။

The Tanintharyi Times