လောင်းလုံးမှာ နှစ်ရက်အတွင်းအသက်ကြီးပိုင်းအမျိုးသမီး နှစ်ဦးပစ်သတ်ခံရ
လောင်းလုံးမှာ နှစ်ရက်အတွင်းအသက်ကြီးပိုင်းအမျိုးသမီး နှစ်ဦးပစ်သတ်ခံရ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း အသက်ကြီးပိုင်း အမျိုးသမီး နှစ်ဦးပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ ကျောက်ဆင်ရွာက အသက် ၆၀ ကျော်အရွယ် ဒေါ်မာမာဇင် ဆိုတဲ့အမျိုးသမီးတစ်ဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ ပစ်သတ်ခံရပြီးနောက် သေနတ်ဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့တာပါ။
အဲဒီအမျိုးသမီးကိုဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာနဲ့ ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။
ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ လည်း ဝေဒီကျေးရွာက အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံလိုက်ရပါတယ်။
ပစ်သတ်ခံရသူဟာ ဝေဒီစျေးအနီးမှာ ကုန်စုံဆိုင်ရောင်းနေတဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်တင်သန်း ဖြစ်တယ်လို့သိရပါတယ်။
“စျေးဝယ်သူပုံစံနဲ့လာပြီး ပစ်သွားတာလို့ပြောတယ်။ သေနတ်ပစ်သံတွေ သုံးလေးချက် ဆက်တိုက်ကြားတယ်။ သူက ပျူသတင်းပေးတယ်လို့တော့ ရွာထဲမှာတော့သိထားကြတာပဲ” လိုဒေသခံရွာသားတစ်ဦးကပြောပါတယ်။
ရွာထဲမှာ မင်္ဂလာဆောင်ပြုလုပ်ရင်ပျူစောထီးတွေကိုပေးရတဲ့ငွေကိုလည်း သူကပဲတစ်ဆင့်ကောက်ယူတယ်လို့ ဒေသခံကဆိုပါတယ်။ အဲဒီပြောဆိုချက်အပေါ်သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
သူ့ကိုလည်း ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
ပစ်သတ်ခံရသူ နှစ်ဦးစလုံးရဲ့ အလောင်းတွေကတော့ မနေ့ကနဲ့ ဒီနေ့မှာလူနာတင်ကားနဲ့ ထားဝယ်ကိုသယ်ဆောင်သွားတယ်လို့သိရပါတယ်။
The Tanintharyi Times
