ရှေ့တန်း တခေါက်

ရှေ့တန်း တခေါက်

မနက်စောစော အိပ်ယာက ထတယ်။ ညကတည်းက ပြင်ထားတဲ့ ကျောပိုးအိတ်ကို တချက်ပြန်စစ်တယ်။ ကျည်ပါတယ်။ ရိက္ခာပါတယ်။ အဝတ်အစား တစ်စုံအပိုပါတယ်။ ကုန်းကြောင်းချည်း သွားရမယ့်ခရီးဆိုတော့ ဓာတ်ဆားထုတ်အပြင် သကြားကို ကိုကာကိုလာဗူးအခွံထဲ ထည့်ယူသွားမယ်။ တကိုယ်ရေသုံး ဆေးဝါးကတော့ မပါမဖြစ်။

လိုအပ်တာတွေ အကုန်ပြည့်စုံပြီဆိုမှ မျက်နှာသစ်ဖို့ သွားတယ်။ ပထမဆုံး ရှေ့တန်းသွားရမှာတော့ ရင်တော့ ခုန်သား၊
မျက်နှာသစ်ပြီးတော့ ယူနီဖောင်းကောက်လဲ။ လည်ရှည်ဖိနပ်ကို စီး၊ Equipment ကို ကောက်စွပ်လိုက်ပြီးတော့ သွားလေရာ ကိုယ်နဲ့ ထပ်ကြပ်မကွာ ဆောင်ထားရမယ့် ကိုယ့်ရဲဘော် သေနတ်ကို ကောက်ကိုင်ပြီး ထမင်းစားအဆောင်ထွက်ခဲ့တယ်။

ထမင်းစားအဆောင်ရောက်တော့ မနက်စာအတွက် နောက်တန်းကျန်ခဲ့မယ့် ရဲဘော်တွေက ပြင်ဆင်ထားပေးတယ်။ ပထမဆုံး ရှေ့တန်းဆိုတော့လည်း ထမင်းသိပ်စားမဝင် . . .မစားချင် . . . ဒါပေမယ့် မနက်စာအဝစားထားမှ တနေကုန်တော်ကာကျမယ်မလား။ ဒီလို ကုန်းကြောင်းခရီးဆို နေ့လယ်စာ မစားဖြစ်ဘူး ပြောတာ ကြားဖူးထားတော့ မစားမဖြစ် စားရပြန်တယ်။

ထမင်းစားပြီးတော့ ရဲဘော်တွေ ရှေ့တန်းထွက်ဖို့ အသင့်ဖြစ်နေကြပြီ။
ကားပေါ်မတက်ခင် ခေါင်းဆောင်က ရှေ့တန်းထွက် အမိန့်စကား အတိုချုံ့ထပ်ပြောတယ်။

ရှေ့တန်းကို လိုက်ပို့မယ့် ကားကြီးစထွက်တော့ နေတောင် မထွက်သေး။

ကားလမ်းခရီးဆုံးတော့ ရဲဘော်တွေအကုန် ကားပေါ်က ခုန်ဆင်းလိုက်ကြတယ်။ ပြီးတော့ စက်ဝိုင်းပုံသဏ္ဍာန်ကင်းယူနဲ့ ချက်ချင်းနေရာယူတယ်။ ကား နောက်တန်းကိုပြန်တော့ ခေါင်းဆောင်က နယ်မြေခဏ အခြေအနေကြည့်ပြီး၊ “မနက် ၀၄း၀၀ ပဲရှိသေးတော့ ခဏနားမယ် ‌နေရောင်တက်မှ ဆက်မယ်” လို့ဆိုတယ်။

ကျနော်တို့လည်း စက်ဝိုင်းအပေါ်အနေအထားအတိုင်း တယောက်ကို တယောက်ကျောခိုင်းလျက်ပဲ ကိုယ့်ကျောပိုးအိတ်ကို မှီ၊ သေနတ်ကို အသင့်အနေအထား ရင်ခွင်ပိုက်ပြီး ခဏနားတယ်။

ရောင်နီတက်တော့ ခေါင်းဆောင်က နောက်သုံးမိနစ်နေ ထွက်မယ်လို့ဆိုတယ်။

ခရီးထွက်တော့ သင်တန်းမှာလေ့ကျင့်ထားဖူးတဲ့ လက်ပြသင်္ကေတတွေကို ခေါင်းထဲ ပြန်စဉ်းစားရင်း ချီတက်ရပြန်တယ်။ တစ်ယောက်နဲ့ တယောက် ငါးလံအကွာဆိုတော့ ‌ရှေ့ကလူ ခြေလှမ်းနဲ့ ထပ်ကြပ်မကွာလိုက်ရတာ မနိမ့်လှဘူး။

ခဏပဲ လျောက်ရသေးတယ် နဖူးကချွေးက စီးကျလာပြီ။ ကိုယ်ပေါ်လွယ်ထားတဲ့ ကျောပိုးအိတ်က တဖြေးဖြေးပိုလေးလာတယ်။ သေနတ်ကိုင်ထားတဲ့ လက်က အံသေချင်လာတယ်။ အရေးထဲ ကျောပိုးအိတ်ကနေသားမကျဘဲ ဘယ်ဖက်ပခုံးသွေးကြောဖိထားသလိုဖြစ်ပြီး ဘယ်ဖက်လက်တဖက်လုံး ကျဉ်တက်လာတယ်။

လမ်းလျှောက်ရင်းနဲ့ပဲ ကျောပိုးအိတ်အနေအထားပြန်ပြင်၊ ကိုယ်အဖြစ်ကိုလည်း မပြောချင်။ တအားအရေးပေါ်မှ မဟုတ်ရင် ဘာမဟုတ်တာလေးနဲ့ ကိုယ့်ကြောင့် ခရီးမနှောင့်နှေးချင်ဘူးလေ။ ဘယ်နှစ်နာရီ ဘယ်အရောက်ဆိုပြီး ခရီးစဉ်ကို ချိန်ထားတော့ အချိန်မီ ရောက်ဖို့လည်း လိုတယ်။ မဟုတ်ရင် အကုန် အသက်ပျောက်ကုန်မယ် မဟုတ်လား။

ရာသီဥတုက မနက်ခင်းဆိုတော့ အေးနေသေးတယ်။ ဒါပေမယ့် ခန္ဓာကိုယ်တခုလုံး ချွေးစိုရွှဲနေပြီ။ တောလမ်းတစ်လျှောက် ရန်သူခိုအောင်းနိုင်တဲ့နေရာတွေကို မျက်စိအလျှင်ထားရတယ်။

အကွေ့မျိုးတွေ့ရင် ဒီနေရာကတော့ ရန်သူခိုလို့ကောင်းတယ်။ ဘယ်နေရာမျိုးဆို ကျည်ကွယ်၊ ဘယ်ဟာက မျက်ကွယ်။ ဟာ… ဒီနေရာဆို ညအိပ်စခန်းချလို့ ကောင်းတယ်။ စသဖြင့်၊ တလမ်းလုံး သင်တန်းတုန်းက စာတွေ့၊ လက်တွေ့တွေကို ခေါင်းထဲပြန်နွေးပြီး လျှောက်ခဲ့ရတယ်။ ခေါင်းထဲ ပြန်နွေးတယ်ဆိုတာသာပြောတယ်။ ရဲဘော်တယောက်မှာ အရေးကြီးဆုံးက ပစ္စုပ္ပန်အခြေအနေဆိုတော့ လက်ရှိ ပကတိအခြေအနေနဲ့ မကင်းကွာအောင်လည်း အတွေးနောက် လိုက်သွားလို့ မရပြန်ဘူး။

ဒီလို ငါးလံအကွာလျှောက်ရင်းနဲ့ပဲ တခါခါ၊ ဟမ်ဘာကာဆီ ရောက်သွားတယ်။ တခါခါ၊ ဘာနေနေ တခါမှ အပြစ်မမြင်တတ်တဲ့ ကြင်သူဆီရောက်သွားတယ်။ တခါခါ၊ မောမောပန်းပန်း ‌ဘောလုံးကန်နေတဲ့ ကျနော့်ဆီ အပြေးလာရေတိုက်တဲ့ ငယ်ချစ်သူဆီ ရောက်သွားတယ်။ တခါခါ၊ ဘုရားမှာ နေ့တိုင်းဆုတောင်းပေးနေပါတယ်ဆိုတဲ့ အမေ့ဆီရောက်သွားတယ်။

တခါခါကျတော့ ဘယ်အရပ်ကရောက်လာမယ်မှန်း မသိတဲ့ ကျည်တတောင့်ဟာ ကျနော့် ကိုယ်ထဲရောက်ပြီး သံယောဇဉ်တွေအကုန်လုံးကို အဆက်ဖြတ်သွားနိုင်တယ်ဆိုတဲ့ အသိလေး ခေါင်းထဲရောက်လာတယ်။ ဒီလိုအချိန်ကျ “ပြန်မှ ဆုံနိုင်ဦးပါ့မလား” လို့ နဖူးပေါ်ကချွေးကို သုတ်ရင်း တွေးဖြစ်တယ်။ ပြီးတော့ ပြုံးဖြစ်ပြန်တယ်။

နော်ကောင်း

The Tanintharyi Times