နန်းတောင်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံး

နန်းတောင်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံး

ပုလောမြို့နယ်၊ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ မနက် ၆ နာရီခန့်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ယင်းတိုက်ပွဲအတွင်း KNDO ကိုဦးစီးတဲ့ ပုရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလက ဦးဆောင်ပြီး ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ မိုးကြိုးအဖွဲ့၊ Ghost Rangerအဖွဲ့နဲ့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မဟာမိတ်တပ်‌ပေါင်းစုဘက်က ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း ပုလောမြို့အခြေစိုက် (၂၈၅) ခြေလျင်တပ်ရင်းဘက်‌ကနေ လက်နက်ကြီးတွေနဲ့ ၂၅ ချက်ကျော် ကူပစ်ပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကိုစွန့်ခွာကာ (၂၈၅) တပ်ရင်းထဲသို့ စွန့်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နန်းတောင်တံတားဘက်ကိုလာတဲ့ ဘယ်သူ့ကိုမဆို ပစ်ခတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ပုလောမြို့နယ်အတွင်းနေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နိုဝင်ဘာ ၇ ရက်ကစပြီး မြိတ်-ထားဝယ်ကားလမ်းမကို အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times