ပုလောမှာ ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

ပုလောမှာ ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

ဓာတ်ပုံ - ပုလောPDF တပ်ဖွဲ့ဝင်တွေ။ (ပုံဟောင်း)

ပုလောမြို့နယ်၊ တပိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ပုလော PDFက သတင်းထုတ်ပြန်ပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ စက်တင်ဘာ ၇ရက် မနက်ပိုင်းမှာ ထားဝယ်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲဖို့ကင်းထောက်သွားချိန်မှာ ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး အခုလိုထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

” အမှတ်မထင်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ဒီကောင်တွေဘက်က ၄၀ မမ တွေနဲ့စပစ်တာ။ အဲဒီမှာ ကျနော်တို့ဘက်ကနေရာပြန်ယူပြီးပစ်တာပေါ့ ။ ဒီကောင်တွေမှာ နောက်ထပ် ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ ပုလော PDFတာဝန်ရှိသူကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမပြုလုပ်ရတော့ပေမယ့် အခုလိုအချိန်တိုအတွင်း စစ်ကောင်စီတပ်သား အကျအဆုံးရှိအောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် တန်တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) ၊ တိုက်ခိုက်ရေးတပ်ခွဲ (၃) ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။

The Tanintharyi Times