NCA ရဲ့ နှလုံးသားကို စစ်တပ်က ဖျက်ဆီးလိုက်ပြီဖြစ်လို့ လိုက်နာစရာ အကြောင်းမရှိတော့ဘူးလို့ ပဒိုစောတာဒိုမှူး ပြောကြား

NCA ရဲ့ နှလုံးသားကို စစ်တပ်က ဖျက်ဆီးလိုက်ပြီဖြစ်လို့ လိုက်နာစရာ အကြောင်းမရှိတော့ဘူးလို့ ပဒိုစောတာဒိုမှူး ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ရဲ့ နှလုံးသားကို မြန်မာစစ်တပ်က ဖျက်ဆီးခဲ့ပြီး ဖြစ်ဝာာကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ လိုက်နာစရာအကြောင်း မရှိတော့ ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်တွေရဲ့ ပထမ ရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲမှာ ပဒိုစောတာဒိုမှူးက အခုလို တရားဝင်ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

“NCA နဲ့ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေ ဖျက်ဆီး လိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီး လိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး” လို့ ပဒိုစောတာဒိုမှူးက ဆိုပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးချုပ် NCA အခန်း ၁ ပါ ပြဋ္ဌာန်းချက်တွေကို လျစ်လျူရှု ပြီး အကြမ်းဖက်စစ်ကောင်စီတပ်စစ်အာဏာသိမ်းခဲ့တာဖြစ်လို့ စစ်တပ်ကိုယ်တိုင် NCA စာချုပ်ဖျက်ဆီးခဲ့တာဖြစ်လို့ လိုက်နာစရာမလိုတော့ဘူး သူက ဆက်ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စု အနေနဲ့ ပျက်စီးနေပြီဖြစ်တဲ့ NCA စာချုပ်ကို အသုံးချပြီး ၊ နိုင်ငံတကာ နဲ့ ပြည်သူလူထု လှည့်စားနိုင်တယ်လို့ လည်း သတိပေးခဲ့ပါတယ်။

“ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော် လည်း ကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စ က တော့ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောကြားချင်ပါတယ်” လို့ ပဒိုစောတာဒိုမှူး ကပြောပါတယ်။

The Tanintharyi Times