ဝက်သားကင်ကျေးရွာမှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

ဝက်သားကင်ကျေးရွာမှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ်မှာရှိတဲ့ ကဒက်ကြီးကျေးရွာအုပ်စုထဲက ဝက်သားကင်ကျေးရွာလမ်းပေါ်မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ဒေသခံတွေထံကသိရပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၃၀ ခန့်အရွယ် ကိုမျိုးဆိုသူဖြစ်ပြီး ရွာလမ်းပေါ်မှာပဲ မနေ့က ညနေ ၄နာရီလောက်အချိန်မှာ ပစ်သတ်ခံလိုက်ရတာပါ။

ကိုမျိုးဟာ အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ရွာသားဖြစ်ပြီး ပန်းရံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

“သူကပျူစောထီးလုပ်ချင်သူတွေကိုစာရင်းတောင်းတုန်းကစာရင်းပေးထားတယ်။ လက်နက်ကိုင်ပြီးနေတာမျိုးတော့မရှိဘူးပေါ့။ ကဒက်ငယ်ရွာကို စစ်ကောင်စီတပ်သားတွေတောနင်းချိန်က လိုက်ပါလမ်းညွှန်တာတွေလုပ်တယ်။ တစ်ရွာလုံးကတော့ ဒလန်လို့သတ်မှတ်ထားသူပေါ့” လို့ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီပြောဆိုချက်အပေါ်သီးခြားအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။

ပစ်သတ်ခံရသူကိုမျိုးကတော့ နေရာမှာပဲသေဆုံးသွားပြီး အလောင်းကိုတော့ နောက်တစ်နာရီလောက်အကြာမှာ အရေးပေါ်ကားနဲ့တင်ဆောင်သွားတယ်လို့သိရပါတယ်။

သူ့ကိုဘယ်အဖွဲ့ကပစ်သတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

The Tanintharyi Times