သရက်ချောင်းမြို့နယ်က ရာဘာခြံထဲမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ
သရက်ချောင်းမြို့နယ်က ရာဘာခြံထဲမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ
သရက်ချောင်းမြို့နယ်၊ မော်ရှည်ကုန်းရပ်ကွက်က အသက် ၅၀ ဝန်းကျင်အရွယ် ဦးလားလားဆိုသူဟာ ဒီနေ့နေ့လည် ၁နာရီအချိန်က သူနေထိုင်တဲ့ ရာဘာခြံထဲမှာ ပစ်သတ်ခံခဲ့ရပါတယ်။
ဆီပင်တောင်အနီးက သူ့ရဲ့ရာဘာခြံထဲမှာပဲ မိသားစုဝင်တွေနဲ့အတူရှိနေချိန် သေနတ်နဲ့ ၅ချက်ဝန်းကျင်ပစ်ခတ်ခံရပြီး နေရာမှာပဲသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
ရွာခံတချို့ကတော့ ဦးလားလားဟာ စစ်ကောင်စီကိုလမ်းပြပေးတာမျိုး လုပ်ဖူးတဲ့အတွက် ပစ်ခတ်ခံရတာလို့ ပြောဆိုတာမျိုးတော့ ရှိနေပါတယ်။
” သူကမုဆိုးလိုမျိုးလည်းလုပ်တော့တောလမ်းကျွမ်းတယ်။အရင်တခေါက် သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းနှစ်ကြောင်းဝင်ချိန်က လမ်းပြပေးတာရိက္ခာပို့ပေးတာတွေကိုလုပ်ခဲ့တာ။ ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလို ပြောဆိုချက်တွေအပေါ်မှာ သီးခြားအတည်ပြုချက်တော့ မရယူနိုင်သေးသလို ဘယ်သူ၊ ဘယ်အဖွဲ့က ပစ်သတ်တယ် ဆိုတာကိုလည်း မသိရသေးပါဘူး။
ဦးလားလားရဲ့အလောင်းကိုတော့ လူနာတင်ယာဉ်နဲ့ သရက်ချောင်းမြို့ပေါ်ကိုသယ်ယူသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
သရက်ချောင်းမြို့နယ်မှာ လွန်ခဲ့တဲ့သုံးရက်ကလည်း ရေချိုချောင်းကျေးရွာနဲ့ ကြာအင်းကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ၂ဦး ပစ်သတ်ခံခဲ့ရပါတယ်။
The Tanintharyi Times
