အဝလွန်အမျိုးသမီးတွေ သတိပြုစရာ
အဝလွန်အမျိုးသမီးတွေ သတိပြုစရာ
အဝလွန်တယ်ဆိုတာ ခန္ဓာကိုယ်မှာအဆီများနေတာဖြစ်ပါတယ်။ အဝလွန်တာက ကျန်းမာရေးအတွက်ဆိုးကျိုးပေးစေနိုင်တယ်ဆို တာအများစုသိပြီးသားလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အဝလွန်နေတဲ့ အမျိုးသမီးတွေ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါမယ်။
■ အဝလွန်စေနိုင်တဲ့အကြောင်းတွေ
- အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာ
- မျိုးရိုးလိုက်တာ
- အစာစားနည်းစနစ်မမှန်တာ (အပြင်စာတွေအစားများတာ)
- စိတ်ပိုင်းဆိုင်ရာပြဿနာများရှိနေတာ (စိတ်ဓာတ်ကျဆင်းခြင်း၊စိတ်ဖိစီးခြင်း)
- အချိန်ကြာကြာသုံးစွဲရတဲ့ဆေးတွေကနေတစ်ဆင့် အဝလွန်လာတာမျိုးတွေ ဖြစ်ပါတယ်။
■အဝလွန်စေတဲ့အခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်
- အိပ်ရေးပျက်ခံတာ
- အသက်အရွယ်ပြောင်းလဲလာတာ
- ကိုယ်ဝန်ဆောင်နေချိန်
- ကိုယ်လက်လှုပ်ရှားမှုမလုပ်နိုင်တဲ့ နှလုံးရောဂါ၊အဆစ်ရောင်အခံရှိသူတွေ စတဲ့အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
အဝလွန်တဲ့အမျိုးသမီးတွေ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာများကိုပြောပြရမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။
ထို့အတူ ဒူးနာတာ၊ ခါးနာတာ၊ ခြေဖနောင့်အတက်ထွက်တာစတဲ့ အကြောဝေဒနာတွေလည်းခံစားလာ ရနိုင်ပါတယ်။
အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့ ကလေးရဖို့ခက်ခဲနိုင်ပါတယ်။
ကလေးရခဲ့ရင်လည်း ခွဲမွေးရနိုင်ပါတယ်။ ကလေးကိုနို့တိုက်တဲ့အခါမှာလည်း နို့ထွက်နည်းတဲ့နောက်ဆက်တွဲ ပြဿနာကိုရင်ဆိုင်ရနိုင်ပါတယ်။
အဝလွန်တာကနေ ဆီးချိုဝင်နိုင်သလို သွေးတိုးပါတစ်ဆက်တည်းဝင်လာနိုင်ပါတယ်။ ထိုနည်းတူ အသည်းအဆီဖုံးခြင်းဝေဒနာကိုလည်းခံစားရနိုင်ပါတယ်။
နောက်တစ်ခုကတော့ အဝလွန်သူတွေမှာ နှလုံးသွေးကြောကျဉ်းတဲ့ဝေဒနာပါခံစားရနိုင်ပါတယ်။
အဝလွန်အမျိုးသမီးများအနေနဲ့ ဗိုက်မှာအဆီများလာရာကနေ သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ် စရိုက်အဆီတွေ စုနေတာကြောင့်လေဖြတ်နိုင်ခြေ ရာနှုန်းများပါတယ်။
ခန္ဓာကိုယ်အလေးချိန်မထိန်းနိုင်တဲ့အမျိုးသမီးများအနေနဲ့ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာတို့ကိုပါ ခံစားရနိုင်ပါတယ်။
အဝလွန်အမျိုးသမီးတွေက အခြားသူတွေထက် နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေ ငါးဆပိုများတာကိုလည်း ဒင်းနစ်လေ့လာမှုတွေအရ သိရပါတယ်။
■ အဝလွန်သူမဖြစ်စေဖို့ လုပ်ဆောင်ရမယ့်အချက်တွေ
- တစ်နေ့စာတစ်နေ့ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာစတဲ့ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ပေးဖို့လိုပါတယ်
- အပြင်စာများမကြာခဏစားတာကိုရှောင်ကြဉ်ရပါမယ်
- အိပ်ရေးပျက်မခံဖို့ အရေးကြီးပါတယ်။ တစ်နေ့ကို ၈ နာရီနီးပါးအိပ် စက်ပေးရပါမယ်
- တစ်နေရာရာသွားရင် စက်လှေခါး၊ ဓာတ်လှေခါးသုံးတာထက် ရိုးရိုးလှေကားသုံးသင့်ပါတယ်။
- ဆီကြော်စာတွေ၊ အကြော်အလှော်တွေ၊ ဟင်းအနှစ်စားတာတွေကိုတတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်
- အစာစားတဲ့အခါ ကြေညက်အောင်ဝါးစားတဲ့အကျင့်ကိုပြုလုပ်ပေးသင့်ပါတယ်
- အစာမစားခင် ရေတစ်ဖန်ခွက်သောက်ပေးတာက အဝလွန်တာကိုကာကွယ်ပေးနိုင်ပါတယ်
အဝလွန်တယ်ဆိုတဲ့နေရာမှာဦးဆုံးအနေနဲ့ ဗိုက်မှာအဆီတွေထွက်လာတတ်သလို ခါးကလည်းနဂိုက ထက်ပိုတုတ်လာတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ခါးအတိုင်း ၃၁.၅ လက်မအထက်ဖြစ်နေပြီဆိုရင် အဝလွန်နေပြီလို့ပြောလို့ ရပါတယ်။
ပိုနေတဲ့အဆီတွေက ခန္ဓာကိုယ်ကို ကောင်းကျိုးထက်ဆိုးကျိုးကိုပဲပေးစေနိုင်တယ်ဆိုတာ အဝလွန် အမျိုးသမီးတို့အထူးသိထားဖို့လိုအပ်လှပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
