နွေဦးကာလနဲ့ သတိပြုစရာ
နွေဦးကာလနဲ့ သတိပြုစရာ

နေ့ပူလို့ညချမ်း တပေါင်းလဆန်းဆိုသောစကားနဲ့အညီ နွေဦးကာလက အတော်နေရခက်တဲ့ကာလဖြစ်ပါတယ်။ နေ့အပူချိန်ကမြင့်မားပြီး ညပိုင်းအချိန်မှာ အပူချိန်လျော့နေတဲ့အတွက်ချမ်းနေသေးတဲ့ကာလလည်းဖြစ်ပါတယ်။ နွေဦးကာလမှာအဖြစ်များတဲ့ ရောဂါတွေကတော့ နှာစေးတာ၊ ခေါင်းကိုက်တာ၊ ဖျားနာတာ၊ ချောင်းဆိုးတာတွေနဲ့ အရေပြားပြဿနာတွေအဖြစ်များပါတယ်။
နွေဦးကာလဖြစ်လေ့ရှိတဲ့ ရောဂါဝေဒနာတွေထဲက အရေပြားပြဿနာတွေအကြောင်းကို ဝေမျှပေးပါမယ်။ အရေပြားပြဿနာတွေဟာ အရေးပြားပေါ်မှာ အင်ပြင်၊ မိတ် စတဲ့အဖုတွေထွက်တာ၊ အနီရောင်ရှိတဲ့ အဖုအပိန့်တွေထွက်တာ၊ ဦးခေါင်းယားယံတာ၊ ခေါင်းမှာ အဖြူကွက်ထွက်တာတွေ ပါဝင်ပါတယ်။
နွေဦးကာလမှာ အထူးသဖြင့်ကလေးငယ်တွေရဲ့ဦးခေါင်းမှာအဖြူကွက်တွေ ထွက်လေ့ရှိကြပါတယ်။ အဲဒီလိုမျိုးအဖြူကွက်ပေါက်တာကို ဒက်ပေါက်တယ်လို့ခေါ်ကြပါတယ်။ ဒက်ပေါက်တာက ဦးရေပြားမှိုရောဂါတစ်မျိုး စွဲကပ်တာပဲဖြစ်ပါတယ်။
■ ဒက်ပေါက်တဲဲ့ အကြောင်းတွေ
- ဦးရေပြားသန့်ရှင်းမှုနည်းပါးတာ
- ခေါင်းလျှော်ရည်နဲ့မတည့်တာ
- အခြားသူကနေ ကူးတာ
■ ဒက်ရဲ့လက္ခဏာတွေ
- ဦးရေပြားမကြာခဏယားယံတာ
- ဦးရေပြားကနေ အဖြူဖတ်တွေ မကြာခဏကွာကျနေတာ
- ဆံပင်ကျွတ်တာ
- ဦးခေါင်းမှာ ဟိုနေရာတစ်ကွက်၊ သည်နေရာတစ်ကွက်ဖြစ်နေတာ
- ဒက်ကအသက်အရွယ်မရွေးပေါက်နိုင်ပေမယ့် အသက် ၁၂ နှစ်အောက်ကလေးတွေမှာ ပိုဖြစ်လေ့ရှိကြတယ်။
■ ဒက်က ကူးစက်နိုင်သလား
- ဒက်ကတစ်ယောက်နဲ့တစ်ယောက်ထိတွေ့မှုကနေတစ်ဆင့်ကူးစက်နိုင်ပါတယ်။
- ကြောင်၊ ခွေးစတဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေလည်း တစ်ဆင့်ကူးစက်နိုင်ပါတယ်။
■ ဒက်ပေါက်ရင် လုပ်ရမယ့်အိမ်တွင်းကုထုံးတွေ
- တစ်ကိုယ်ရေသန့်ရှင်းရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။
- ဒက်ပေါက်နေချိန်မှာ ဒက်ပေါက်သူရဲ့ခေါင်းဘီး၊ ခေါင်းအုံး၊ တဘက်၊ အဝတ်အစား၊ ဦးထုပ်တွေကို သီးသန့် ထားပေးဖို့လိုပါတယ်။
- ဒက်ပေါက်နေချိန်မှာ ဦးထုပ်မဆောင်းသင့်ပါဘူး။
- မသန့်ရှင်းတဲ့လက်တွေနဲ့ ခေါင်းကိုပွတ်တာကုတ်တာမျိုး မလုပ်သင့်ပါဘူး။
- အများသုံးရေကူးကန်မှာ ရေသွားကူးတာကိုလည်း ရှောင်သင့်ပါတယ်။
- အိမ်မွေးတိရစ္ဆာန်များနဲ့ နီးနီးကပ်ကပ်နေတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်
- ဒက်ပေါက်နေချိန်မှာ ဦးရေပြားအေးစေရန် အုန်းဆီစစ်စစ်ကိုလိမ်းပေးနိုင်ပါတယ်
- ဒက်ပေါက်နေချိန်မှာ တရော်ကင်ပွန်းဖြင့်သာခေါင်းလျှော်ပေးသင့်ပါတယ်။
- ဒက်ပေါက်နေချိန်မှာ အပူ၊အစပ်တွေ လွန်ကဲစွာမစားသင့်ပါဘူး။
- ဒက်အတွက်လိမ်းဆေးလိမ်းမယ်ဆိုရင် မူရင်းရှိနေတဲ့အဖြူကွက်တွေကို ပွတ်ချပြီးမှလိမ်းရင်ပိုမိုအာနိသင်ရှိစေမှာဖြစ်ပါတယ်
- ဆေးအလွယ်တကူမရနိုင်တဲ့အခါ ငှက်ပျောဖူးကိုပြချလိုက်ပါ။ ရလာတဲ့ပြာကို အုန်းဆီနဲ့ရောပြီးလိမ်းပေးတာက သက်သာစေမှာဖြစ်ပါတယ်။
- ထန်းနို့ကိုပြာချပြီး အုန်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်
- ထန်းနို့ရှာရခက်တဲ့နေရာတွေမျာ အုန်းဆီသီးသန့်လိမ်းပေးနိုင်ပါတယ်
- ခရုခွံ့တစ်မျိုးမျိုးကို ပြောင်စင်အောင်ဆေးကြောပြီး မီးဖုတ်ပါ။ ရလာတဲ့ပြာကို အုန်းဆီနဲ့လိမ်းပေးတာကလည်း သက်သာစေမှာဖြစ်ပါတယ်။
- ဦးရေပြားပြဿနာတွေ ကင်းဝေးစေဖို့ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်တွေကို တပါတည်း ယူဆောင်သွားသင့်ပါတယ်။
- ဒက်ကအသေအချာမကုဘူးဆိုရင် အမြဲလိုလိုဆံပင်ကျွတ်တာ၊ ၊ဆံပင်လုံးဝမပေါက်တော့တာ၊၊ အမာရွတ်များထင်ကျန်တာတွေ ဖြစ်စေနိုင်ပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်)
The Tanintharyi Times