BGF ခေါင်းဆောင် စောချစ်သူ အပါအဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းက လူပုဂ္ဂိုလ် ၉ ဦးကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ ပူးပေါင်း ဒဏ်ခတ်
BGF ခေါင်းဆောင် စောချစ်သူ အပါအဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းက လူပုဂ္ဂိုလ် ၉ ဦးကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ ပူးပေါင်း ဒဏ်ခတ်

မြန်မာစစ်တပ်နဲ့ ပတ်သတ်ဆက်နွှယ်နေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ အပါအဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းက လူပုဂ္ဂိုလ် ၉ ဦးနဲ့ လုပ်ငန်း ၅ ခုကို ဗြိတိန်၊ အမေရိကန်၊ ကနေဒါတို့က အရေးယူဒဏ်ခတ်လိုက်တယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ပါတယ်။
အရေးယူဒဏ်ခတ်ခံရတဲ့ လူပုဂ္ဂိုလ် ၉ ဦးနဲ့ လုပ်ငန်း ၅ ခုတို့ဟာ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်က ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်း၊ လူကုန်ကူးမှုတွေမှာ ပါဝင်နေသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူမှောင်ခိုကူးပြီး အတင်းအဓမ္မစေခိုင်းမှုတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ဗြိတိန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ စီးပွားရေးသမား စောမင်းမင်းဦးနဲ့ She Zhijiang တို့လည်း ပါဝင်ပါတယ်။
လူ့အခွင့်အရေးပဋိညာဉ်မှာ ဗြိတိန်က လက်မှတ်ထိုးခဲ့တဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်နေ့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူဒဏ်ခတ်တာ ဖြစ်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းဟာ မြန်မာနိုင်ငံတခုထဲမှာပင် အဓမ္မစေခိုင်းခံရသူပေါင်း ၁ သိန်း ၂ သောင်းခန့် ရှိတယ် အဆိုပါ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းကို အရေးယူနိုင်ရေး ဆက်တိုက်လုပ်ဆောင်နေပြီး မနေ့က လန်ချန်း-မဲခေါင် ညီလာခံကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အွန်လိုင်း လောင်းကစားလုပ်ငန်းနဲ့ ငွေလိမ်ဂိုဏ်းတွေကို ချေမှုန်းဖို့ မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း South China Morning Post သတင်းမှာ ရေးသားထားပါတယ်။

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းမှာ ပါဝင်နေတယ်လို့ သံသယရှိသူ ၃၁၀၀၀ ကို တရုတ်အစိုးရဆီ လွှဲပြောင်းထားပြီး ဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ရည်ရွယ်ချက်ထဲမှာလည်း အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်း ကျားဖြန့်ကုမ္ပဏီတွေနဲ့ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ချေမှုန်းနိုင်ရေး ဆိုတဲ့အချက် ပါဝင်ကြောင်း ကိုးကန့်တပ်မတော်၊ တအာင်းတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times