လူ့အခွင့်အရေး ချိုးဖောက်မှု၊ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးနဲ့ တပ်မ ၂ ခုကို ဗြိတိန် ထပ်ပြီး အရေးယူ

လူ့အခွင့်အရေး ချိုးဖောက်မှု၊ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးနဲ့ တပ်မ ၂ ခုကို ဗြိတိန် ထပ်ပြီး အရေးယူ

ပုံစာ - စစ်ကောင်စီတပ်ကရှို့ခဲ့တဲ့ မီးကြောင့် ထန်တလန်မြို့က နေအိမ်ရာချီပြီး လောင်ကျွမ်းသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်နဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးနဲ့ တပ်မ (၃၃)၊ တပ်မ (၉၉) တို့ကို ထပ်ပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လိုက်တယ်လို့ ဗြိတိန်အစိုးရက ကြေညာပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ လက်ရုံးတစ်ဆူဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ခေါင်းဆောင်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးဟာ စစ်ကြောရေးလုပ်ရာမှာ မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အပါအဝင် ညှင်းပန်းနှိပ်စက်မှုတွေကို အဓိကကျူးလွန်သူဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။

ထို့အတူ ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လိင်အကြမ်းဖက်ခြင်း အပါအဝင် အခြားအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဗြိတိန်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“လူ့အခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်ကသူတွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ က ဆိုပါတယ်။

နောက်ပြီး ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံ့ရှာ ထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ပေးသွားမယ်လို့ သူက ထပ်လောင်း ပြောပါတယ်။

လက်ရှိမှာ လူပုဂ္ဂိုလ် ၃၀ ဉီးနဲ့ အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအဖြစ် ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ခေါင်းဆောင်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးဟာ စစ်ထောက်လှန်းရေး အဖြစ်လည်း လူသိများပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ပစ်မှတ်ထား ဖမ်းဆီး နှိပ်စက်နေခြင်း ဖြစ်ကာ သတင်းထောက် အမျိုးသားတစ်ဦးကို စစ်ကြောရေးမှာ မုဒိန်းမှု ကျူးလွန်ခဲ့သူတွေ ဖြစ်ပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ကရှို့ခဲ့တဲ့ မီးကြောင့် ထန်တလန်မြို့က နေအိမ်ရာချီပြီး လောင်ကျွမ်းသွားခဲ့ပါတယ်။

The Tanintharyi Times