ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ)
ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ)

ပညာရေး အတွေး၊ ဒဿန အမြင် (၃)
အပိုင်း (၂)
ဤနေရာတွင် လော့ခ်၏ အသိပညာအယူအဆကို အနည်းငယ် တင်ပြလိုပါသည်။ လော့ခ်၏အလိုအရ ‘ကျွန်ုပ်တို့၏ အသိပညာအားလုံးသည် အတွေ့အကြုံမှရရှိသည်ဟု ဆိုပါသည်။ လူသားသည် လောကအတွင်း ဝင်ရောက် မွေးဖွားလာစဉ်က ပြည့်ဝသော အတွေ့အကြုံများကို ပိုင်ဆိုင်လာသည် မဟုတ်ပေ။ (လော့ခ်သည် ခရစ်ယာန် ဘုန်းတော်ကြီးများဆိုသကဲ့သို့ လူသားသည် ဆိုးသွမ်းသော သဘာဝ အပြစ်များဖြင့် မွေးဖွားလာသည်ကို လည်းကောင်း၊ နောက်ပိုင်း ရူးဆိုးတင်ပြသည့် ကောင်းမွန်သော သဘာဝနှင့် မွေးဖွားသည်ကိုလည်းကောင်း လက်မခံခဲ့ပေ။)
လူသည် မွေးဖွားစဉ်က မည်သည့် ဗီဇ အခြေခံမျှ ပါရှိလာသည်မဟုတ်ဘဲ စက္ကူဖြူကဲ့သို့ ဗလာသက်သက်ဖြစ်ပြီး ပြင်ပ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများနှင့် တွေ့မြင်ထိသိခြင်းဖြင့် လူ့စိတ်တွင် အမှတ်သညာများ ထင်ဟပ်လာခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မိဘဆရာများ အနေဖြင့် ကလေးငယ်စဉ်ကပင် ကာယ၊ စိတ္တ၊ ဉာဏစွမ်းအားများ ဖွံ့ဖြိုးလာစေရန်အတွက် ပုံစံချ စည်းကမ်းပေးသင့်သည်ဟု လော့ခ်က ယူဆပါသည်။ လော့ခ်အယူအဆသည် ၁၈ ရာစု ပြင်သစ်အတွေးအခေါ် ပညာရှင် ရူးဆိုးနှင့်မတူ ကွဲလွဲချက်များရှိပါသည်။ ရူးဆိုးက ကလေးငယ်များကို ပုံစံချပေးခြင်းအား လက်မခံပေ။ သူ့အလိုအရ လူသားသည် လူ့အဖွဲ့အစည်း၏ အတုအယောင်အဆင့်အတန်း သတ်မှတ်မှုများအတွင်း အကျဉ်းကျ ခံနေရသည်။ ဖြစ်သင့်သည်မှာ လူသား (ကလေးငယ်)အဖို့ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျယ်ပြန့်သော အမြင်သစ်များ ရရှိနိုင်ရန်အတွက် လမ်းဖွင့် ပေးရမည်ဟု ဆိုပါသည်။ လော့ခ်ကမူ စည်းကမ်းအလေ့အကျင့်သည် မှန်ကန်သော အကျင့်စရိုက်များ ပုံစံတကျဖြစ်စေရန်အတွက် အကူအညီပေးခြင်းပင် ဖြစ်ပါသည်။ သူ၏ ပညာရေးရည်မှန်းချက် ပန်းတိုင်ကလည်း လူမှုရေး၊ နိုင်ငံရေး လိုအပ်ချက်များအရ အလျင်အမြန် ရောက်ရှိလာမည့် ခေတ်သစ်ကမ္ဘာ အတွက် အသုံးဝင်ဆံ့မည့် လူသားအဖြစ် လေ့ကျင့်မွေးထုတ်ပေးရန် ဖြစ်ပါသည်။
သို့ရာတွင် လော့ခ်သည်ပင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ကို လက်မခံခဲ့ပေ။ အထူးသဖြင့် ကလေးသူငယ်များအား ရိုက်နှက်ပြီး စည်း ကမ်းပေးခြင်းသည် ပညာသင်ယူမှုအတွက် စစ်မှန်သော တွန်းအားတစ်ရပ် မဟုတ်ပေ။ ယင်းသည် ကလေးသူငယ်များအား ချိုးနှိမ်ရာရောက်ပြီး ကျွန်စိတ် အခြေအနေကိုပင် ဖြစ်ပေါ်စေပါသည်။ ကလေး၏စိတ်တွင် နာကြည်းဒေါသ ဖြစ်စရာ အခြေအနေနှင့်လည်း ကြုံတွေ့ နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ် ပေးခြင်းသည် လူသားအတွက် ရန်လိုမှုကိုသာ ဖြစ်ထွန်းလာစေမည်ဖြစ်ပါသည်။ ရက်စက်ကြမ်းကြုတ်သော စည်းကမ်းတင်းကျပ်မှုသည် ဆန္ဒနှင့်တီထွင်ဖန်တီးမှု တို့ကို ယုတ်လျော့စေပြီး မပြည့်ဝသော လူသတ္တဝါအဆင့်သို့ ကျဆင်းသွားနိုင်ပါ သည်။ ထို့ကြောင့် စည်းကမ်းဆိုတိုင်း သင်ယူခြင်းအဓိပ္ပာယ်နှင့် အံဝင်ခွင်ကျ မဖြစ်နိုင်ပေ။ လော့ခ်အလိုအရ ကလေးများ၏ဆန္ဒကို မချိုးဖျက်ဘဲ သူတို့၏ အလားအလာကောင်းများအတွက် အားပေးမြှင့်တင်ရမည် ဖြစ်ပါသည်။
လော့ခ်၏ ပညာရေးတွင် ဂုဏ်သိက္ခာ၊ ဉာဏ်ပညာ၊ အကျင့်စရိုက်နှင့် သင်ယူမှုတို့ကို လိုအပ်သော ဂုဏ်ရပ် လေးရပ်အဖြစ် တွေ့မြင်ရပေမည်။ ဂုဏ်သိက္ခာဟူသည် ကောင်းသော စာရိတ္တဖြစ်၍ လူသားတို့ (အထူးသဖြင့် လူကြီး လူကောင်းတစ်ယောက် ဖြစ်လာလိုပါက) ပိုင်ဆိုင်ရမည့် အရည်အသွေးတစ်ရပ် ဖြစ်ပါသည်။ ဤအပိုင်းတွင် အပြောအဆို အပြုအမူများ မှန်ကန်စေရန်နှင့် တစ်ပါးသူတို့အပေါ် စိတ်ကောင်းထားစေရန်တို့ ပါဝင်ပါသည်။
မတရားသော၊ လူသားမဆန်သော လုပ်ရပ်တို့သည်ပင် မိမိကိုယ်ကိုယ် တန်ဖိုးထားလွန်းခြင်း (အတ္တချစ်)နှင့် သူတစ်ပါးအပေါ် ငဲ့ကွက်မစာနာခြင်းတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု လော့ခ်က ဆိုပါသည်။ အမှန် ဂုဏ်သိက္ခာရှိသော လူသားတစ် ယောက်အဖို့ အခြားလူများကို တန်ဖိုးထားပြီး အခြားလူများကလည်း ပြန် လည် တန်ဖိုးထား မြတ်နိုးခြင်းကို ခံစားရမည် ဖြစ်လေသည်။
ဉာဏ်ပညာဟူသည် လောကအတွင်း လူသား၏ အမြော်အမြင်ရှိမှုနှင့် မိမိလုပ်ငန်းကို လွယ်ကူစွာ စီမံခန့်ခွဲတတ်စေရန်အတွက်ပင် ဖြစ်သည်။ ဉာဏ် ပညာသည် စိတ်ကောင်းစိတ်မြတ်၊ အာရုံစူးစိုက်မှုနှင့် အတွေ့အကြုံတို့ကို ပေါင်းစည်းမှုတစ်ရပ် ဖြစ်ပါသည်။ ဤအရာအားလုံးသည် ကလေးသူငယ်တို့ အတွက် လက်လှမ်းမီ ဆွတ်ယူနိုင်သော အရာများဖြစ်သည်ဟု လော့ခ်က ယုံ ကြည်လေသည်။ ကလေးသူငယ်များအဖို့ ပြင်ပအရာဝတ္ထုများကို မှန်မှန်ကန် ကန် မြင်သိနိုင်စေရန် စိတ်ကိုမြှင့်တင်ပြီး ကြီးကျယ်၍ တန်ဖိုးရှိသော အတွေး အမြင်များ ရရှိစေရန်၊ မိမိကိုယ်ကိုယ် အမှားတရားနှင့် ကောက်ကျစ်စဉ်းလဲမှုများမှ ကင်းဝေးစေရန်တို့ကို လေ့ကျင့်ပေးရပါမည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းသည် ဉာဏ်ပညာအတွက် ကလေးသူငယ်တို့အား ပြည့်စုံစွာ ပြင်ဆင်ပေး ခြင်းပင် ဖြစ်ပါသည်။
ဉာဏ်ပညာသည် လူသားတစ်ဦးအဖို့ ပွင့်လင်းခြင်း၊ မျှတ ခြင်းနှင့် အမြော်အမြင်ရှိခြင်းတို့ကို ပိုင်ဆိုင်စေပါသည်။ လူသားသိက္ခာနှင့် ပတ်သက်၍ အကျင့်စရိုက် သည်လည်း လိုအပ်သော အရာတစ်ခုဖြစ်ပါသည်။ ယင်းအပိုင်းတွင် မိမိ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း အပြုအမူများကို ထိန်းကျောင်းနိုင်ရန် ဖြစ်သည်။ အခြားသူများအပေါ် အမှား တစ်စုံတစ်ရာ မပြုလုပ်မိစေရန်နှင့် သူတို့၏ စိတ်သဘောထား ဖော်ထုတ်ချက် များကို လက်ခံတတ်စေရန်တို့မှာ ယဉ်ကျေးသော လူသားတစ်ယောက် ဖြစ်စေ ရန်အတွက် လိုအပ်သော အရည်အချင်းများ ဖြစ်သည်။ ဤအထက်တွင် တင် ပြခဲ့သော သိက္ခာ၊ ပညာ၊ အကျင့်စရိုက်များသည် လူသား၏ အသိပညာသင်ယူမှု မပါလျှင် ပြီးပြည့်စုံမည်ဟု မှတ်ယူ၍မရပေ။
ကလေးသူငယ်များအတွက် သင်ရိုးအနေဖြင့် အခြေခံ အရေးအဖတ်၊ ပုံဆွဲနှင့် ပြင်သစ်ဘာသာစကားကို ထည့်သွင်းရမည်ဟု ဆိုပါသည်။ ယင်း ကာလတွင် ဥရောပ၌ နေ့စဉ်သုံး ဘာသာစကားအပြင် ပြင်သစ်ဘာသာကို အသုံးများသဖြင့် ပထမဦးစွာ သင်ယူရပါမည်ဟု ထည့်သွင်းထားခြင်းဖြစ်ပါ သည်။ လူတစ်ယောက်အဖို့ ပြင်သစ်ဘာသာကို ကောင်းစွာ ပြောနိုင် ဖတ်နိုင်ပြီဆိုလျှင် လက်တင်ဘာသာကို ဆက်လက်လေ့လာနိုင်ပြီး ထိုမှတစ်ဆင့် ဂရိဘာသာကို တက်လှမ်းနိုင်ပေမည်။ လက်တင်နှင့် ဂရိဘာသာသည် ထို ခေတ်က လူကြီးလူကောင်းများနှင့် ပညာရှင်များအတွက် မရှိမဖြစ် လိုအပ် သည်ဟု ယူဆပါသည်။ လော့ခ်အလိုအရ ဘာသာစကားကို စကားပြောခြင်း ဖြင့် သင်ယူရပါမည်။ ကလေးငယ်တို့အဖို့ စဉ်းစားဉာဏ်ရင့်သန်စေရန်အတွက် သင်္ချာပညာကို ထည့်သွင်းရန် လိုအပ်ပါသည်။ လော့ခ်၏ အလိုအရ ဉာဏ် ဖွင့် ပညာရပ်များအဖြစ် ပထဝီ၊ နက္ခတ္တဗေဒ၊ သက္ကရာဇ်စဉ်ဗေဒ၊ ခန္ဓာဗေဒနှင့် အခြားတစ်ဖက်တွင် နိုင်ငံ့သမိုင်းပညာ၊ ဂျီဩမေတြီ၊ ကိုယ်ကျင့်တရားပညာ၊ ဥပဒေပညာတို့ကို ထည့်သွင်းရပါမည်။
လူငယ်လူရွယ်များအနေဖြင့် အထက်ပါပညာရပ်များကို သင်ယူစေရာတွင် ကျူတာများ၏ လုပ်ငန်းမှာ ပညာတစ်ရပ်ရပ်ကို လုံးဝတတ်မြောက်စေရန် သင်ကြားပေးခြင်းမျိုးသာမကဘဲ အသိပညာအား လေးစားမြတ်နိုးမှု ဖြစ်ပေါ် စေရန်လည်း မြှင့်တင်ပေးရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်ရိုး ဘောင် သို့မဟုတ် ပုံစံကျ အလေ့အကျင့်မျိုးကို ရှောင်ရှားပြီး လူငယ်ကိုယ်၌က ရှာဖွေလိုစိတ် ရှိသောအခါ အလိုရှိသော ပညာကို ဘယ်၍ဘယ်ပုံ လေ့လာရ မည်၊ သင်ယူရမည်ကို လမ်းဖွင့်မြှင့်တင်ပေးရန် ဖြစ်ပေသည်။ ကျွမ်းကျင်သော ဆရာတစ်ယောက်အနေဖြင့်လည်း စာသင်သား၏ စွမ်းရည်နှင့် အာရုံစူးစိုက်မှု တို့ကို ဆွဲဆောင်မြှင့်တင်ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ လော့ခ်သည် တရား ဓမ္မများကို ဖတ်မှတ်ခြင်းဖြင့် အကျင့်သီလကောင်းမွန်စွာ နေထိုင်ရမည်ကိုလည်း ကောင်း၊ သိပ္ပံ၊ ဝိဇ္ဇာအတတ်ပညာများကို လေ့လာခြင်းဖြင့် မှန်ကန်သော အတွေးအမြင်များ၊ အားကောင်းပြီး သဘာဝအင်အားစုများအပေါ် ထိန်း ကျောင်း နိုင်မည်ကိုလည်းကောင်း ထောက်ခံယုံကြည်လေသည်။
အချုပ်အားဖြင့်ဆိုသော် ပုဂ္ဂလလူသားတစ်ယောက်အနေဖြင့် လူမှုဆက်ဆံရေး နည်းလမ်းများကို သိရှိနားလည်စေရန်၊ ကမ္ဘာလောကအပေါ် အမြင်ကျယ်ကျယ်နှင့် ရှုမြင်သုံးသပ်စေရန်၊ မိမိကိုယ်ကိုယ် ဂရုစိုက် စောင့်ရှောက်တတ်စေရန်၊ မိမိပတ်ဝန်းကျင်၏ လိုအပ်ချက်နှင့်လျော်ညီသော အသိပညာများကို လုံလောက်စွာ ရရှိစေရန်တို့ကို ပညာရေး၏ ရည်မှန်းချက် အဖြစ် ထားရှိရပါမည်။ လော့ခ်၏အလိုအရ ပညာရေး၏လက်တွေ့လုပ်ငန်း ဟူသည် ကမ္ဘာလောကအတွင်း လူသားအတွက် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်စေရန်ဖြစ်ပါသည်။

ကမ္ဘာသူကမ္ဘာသား စိတ်ဓာတ်ကို ဖန်တီးပေး ခြင်း၊ အယူဝါဒစွဲများ၊ အမြင်ကျဉ်းမြောင်းမှုများနှင့် လူမျိုးစွဲ၊ ဒေသစွဲများကို ရှောင်ရှားစေခြင်းတို့သည်လည်း လော့ခ်ပညာရေးစနစ်၏ အထူးအားသာ ချက်များဖြစ်ပါသည်။ အထူးသဖြင့် ဂျွန်လော့ခ်သည် ခေတ်သစ်ပညာရေး ဒဿနအတွက် ကျောင်းသား၏ တစ်ဦးချင်းအရည်အသွေးကို ပိုအလေး ဂရုထားရန်၊ လွတ်လပ်စွာ ရှာဖွေဆည်းပူးခွင့်ပြုရန်၊ တစ်ဆက်တည်းမှာပင် မှန်ကန်သော အလေ့အကျင့်အတွက် ပုံစံချပေးရန်တို့ကို လမ်းပြခဲ့သူဟုဆိုလျှင် မှားမည်မဟုတ်ပေ။ သည့်အတွက်ကြောင့်ပင်လျှင် လော့ခ်၏ ပညာရေးအတွေး အခေါ်များသည် စိတ်ကူးယဉ်မှု သက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် ကျင့်ကြံအသုံးပြုနိုင်သော အခြေအနေကောင်းများ ရှိနေပါက ကျင့်သုံးရန် ခက်ခဲမည်မဟုတ်ပါကြောင်း တင်ပြပါသည်။
Ref:
Ellwood P.Cubberley;
The History of Education; Boston, 1920
Robert R. Rusk;
The Doctrines of the Great Educators,
Macmillan, London, 1924
S.E. Frost;
Basic Teachings of the Great Philosopher; Dolphin Books, New York 1962
S.J Curite & M.E.A Boultwood;
A Short History of Educational Ideas, Univeristy Tutorial Press Ltd, London, 1975
(ဆက်လက် ဖော်ပြပါမည်။)
(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)
ဆောင်းပါးရှင် သူရိန်ထက်လင်းရဲ့ ဖော်ပြပြီးခဲ့တဲ့ ဆောင်းပါးများ
၁။ ပလေတို (စံပြပညာရေး) – အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/25/10/2023/28308/
၂။ ပလေတို (စံပြပညာရေး) – အပိုင်း (၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/26/10/2023/28376/
၃။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) – အပိုင်း(၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/01/11/2023/28767/
၄။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) – အပိုင်း(၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/02/11/2023/28855/
၅။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) – အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/08/11/2023/29224/
သူရိန်ထက်လင်း
The Tanintharyi Times