စစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေနဲ့ စစ်ကောင်စီတစ်ဖွဲ့လုံးကို EU ပိတ်ဆို့ အရေးယူ

စစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေနဲ့ စစ်ကောင်စီတစ်ဖွဲ့လုံးကို EU ပိတ်ဆို့ အရေးယူ

မြန်မာစစ်တပ်မှာ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးကနေ ဗိုလ်ချုပ်အဆင့်အထိ ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ အပါအဝင် ထိပ်သီးပုဂ္ဂိုလ် ၁၉ ဦးနဲ့ စစ်ကောင်စီ တစ်ဖွဲ့လုံးကို ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၈ ရက်မှာ ထပ်မံဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

ဥရောပနိုင်ငံ ၂၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂက ထပ်မံအရေးယူလိုက်တဲ့ စာရင်းမှာ စစ်ကောင်စီ (SAC) တစ်ဖွဲ့လုံးကို ထည့်သွင်းထားသလို စစ်ကောင်စီရဲ့ တိုက်ရိုက် အဖွဲ့ဝင် မဟုတ် သော်လည်း ထိပ်တန်း ရာထူးတာဝန်တွေ ယူထားကြတဲ့ ဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးတွေကိုပါ ထည့်ထားတာပါ။

အဲဒီလူတွေကတော့ စစ်ကောင်စီလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ဆင်ရေး အထူးအဖွဲ့မှူးတွေ ဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ မကြာသေးခင်က စစ်တပ်တာဝန်က အနားယူပြီး ကြံ့ခိုင်ရေးပါတီကို ရောက်သွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးတို့ ပါဝင်ပါတယ်။

အလားတူ စစ်ကောင်စီ ဝန်ကြီး ဒေါက်တာကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အဂတိကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ရွေးကော်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမင်းမင်းဦးနဲ့ ဦးကိုကိုလွင်၊ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်မင်း၊ အင်းစိန်ထောင်ပိုင်ကြီး ဦးဇော်လင်းအောင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ချုပ် ဒေါ်ဆွေဆွေအောင်တို့လည်း ပိတ်ဆို့ အရေးယူခံရတဲ့ စာရင်းမှာ ပါပါတယ်။

ဒါ့အပြင် စစ်တိုင်းမှူးတွေဖြစ်တဲ့ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ တို့ကိုလည်း ဥရောပသမဂ္ဂက အရေးယူလိုက်ပါတယ်။

အဲဒီစာရင်းမှာ နောက်ထပ် ပါဝင်သူတွေကတော့ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ ဦးတေဇ၊ ဦးအောင်မိုးမြင့်နဲ့ ဦးနိုင်ထွဋ်အောင်တို့ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက ထပ်တိုး ပိတ်ဆို့အရေးယူလိုက်တဲ့ စာရင်းတွေအရ လက်ရှိမှာ စုစုပေါင်း စစ်ကောင်စီနဲ့ အဆက်အနွယ်တွေ အပါအဝင် လူပုဂ္ဂိုလ် ၈၄ ဦးနဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း ၁၁ ခုတို့ ပိတ်ဆို့ အရေးယူခံထားရပြီ ဖြစ်ပါတယ်။

EU ရဲ့ ပိတ်ဆို့ အရေးယူမှု ပုံစံက ပိတ်ဆို့ခံရတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး သူတို့ကို ဥရောပသမဂ္ဂ နိုင်ငံတွေဆီ သွားရောက်ခွင့်ကိုလည်း တားမြစ်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း Sky Aviator ကုမ္ပဏီနဲ့ ပိုင်ရှင်ဖြစ်သူ ဦးကျော်မင်းဦးတို့ကို စစ်ကောင်စီအတွက် လက်နက်ပွဲစားလုပ်ပေးမှုနဲ့ ပိတ်ဆို့ အရေးယူလိုက်ကြောင်း နိုဝင်ဘာ ၈ ရက်မှာပဲ ကြေညာခဲ့ပါတယ်။

The Tanintharyi Times