ပုလောမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် လူငယ် နှစ်ဦးကို ထိမှန်၊ အိမ်နှစ်ဆောင် ထိခိုက်ပျက်စီး
ပုလောမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် လူငယ် နှစ်ဦးကို ထိမှန်၊ အိမ်နှစ်ဆောင် ထိခိုက်ပျက်စီး
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပုလောမြို့နယ်က အသက် ၁၅ နှစ်အရွယ် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်ဆောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေအိမ်ရှိတဲ့ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မနေ့က ပစ်ခတ်ခဲ့တာပါ။ စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ မှော်ကြောင်း၊ လက္ကူး၊ မြတောင်၊ ပိတပ်၊ တို၊ ဇရပ်ဆိပ်၊ တပို၊ ပဝတ်ကုန်း၊ ကျောင်းနိမ့်ရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း ဇရပ်ဆိပ်ရွာက အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေး ၂ ဦး ဦးခေါင်းနဲ့ တင်ပါးမှာ ကျည်စထိမှန်ပြီး ဒဏ်ရာအသီးသီးရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ထိခိုက်သူ လူငယ်လေးနှစ်ဦးမှာ တစ်အိမ်တည်းနေသူတွေ မဟုတ်ဘဲ လမ်းမနားကျည်ကျခဲ့တဲ့အတွက် ထိခိုက်ခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုအတွင်း လက္ကူးရွာက နေအိမ်နှစ်ဆောင်ကျည်ထိမှန်ပျက်စီးခဲ့ပြီး အိမ်တစ်ဆောင်မှာ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အိမ်မီးလောင်စဥ် နံဘေးအိမ်ကိုလည်း မီးဟပ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကို ပုလောမြို့အခြေစိုက် ခလရ(၂၈၅)တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့ ဒေသက ပြည်သူတွေ စစ်ဘေးရှောင်ပြေးရတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ပုလောမြို့နယ်၊ ပိတပ်ရွာက ငါးဖမ်းလှေငယ်နှစ်စီးပျက်စီးခဲ့ပါတယ်။
The Tanintharyi Times
