လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းနဲ့ရေကြောင်း ပူးတွဲ တိုက်ခိုက်
လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းနဲ့ရေကြောင်း ပူးတွဲ တိုက်ခိုက်
လောင်းလုံးမြို့တဝိုက်မှာ စစ်ကောင်စီအခြေစိုက်နေရာတွေကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီကလည်း လေကြောင်းကနေဗုံးကြဲပြီး စစ်သင်္ဘာပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ စရဖရုံးအပါအဝင် စစ်ကောင်စီတပ်အခြေစိုက်နေရာတွေနဲ့ လောင်းလုံး-စမ်းလှမ်းကားလမ်းပေါ်မှာရှိတဲ့ လက်ခတ်တောင်အနီးက တာဝါတိုင်စခန်းကုန်းတို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“မနက်စောစော ၆ နာရီခွဲလောက်ကတည်းက လက်နက်ကြီးသံတွေ၊ သေနတ်သံတွေဆက်တိုက်ကြားနေရတာပဲ။ အခုတော့ နည်းနည်းပြန်ငြိမ်နေတယ်” လို့ လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက အခုမနက် ၁၁ နာရီခွဲလောက်မှာပြောပါတယ်။
အခုမနက် ၈ နာရီခွဲလောက်မှာတော့ ဂျက်ဖိုက်တာတစ်စီးနဲ့ ရဟတ်ယာဥ်တစ်စီးရောက်လာပြီး လောင်းလုံးမြို့အပြင်ဘက်ကို ၂ ကြိမ် ဗုံးသီးတွေကြဲခဲ့နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း လောင်းလုံးမြို့နယ်မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။
ဒါ့အပြင်လောင်းလုံးမြို့အနောက်ဘက်က ပင်လယ်ပြင်မှာရှိနေတဲ့ စစ်သင်္ဘောပေါ်ကနေလည်း လောင်းလုံးမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်သင်္ဘောကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်း လောင်းလုံးမြို့ထဲက ရဲစခန်း၊ စရဖရုံးနဲ့ တာဝါတိုင်စခန်းကုန်းတွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေဘက်က အင်အားနည်းတာကြောင့် လေကြောင်းပစ်ကူလိုအပ်ကြောင်း အခုမနက်မှာရေးသားထားပါတယ်။
လောင်းလုံးမြို့ကဒေသခံတွေကတော့ နီးစပ်ရာကိုထွက်ပြေးတာရှိသလို့ အချို့ကလည်း နေအိမ်တွေထဲမှာပဲပုန်းအောင်းနေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီနဲ့ လောင်းလုံး ပကဖတို့ကတော့ လောင်းလုံးမြို့ပေါ်နဲ့ အနီးအနားတဝိုက်ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲနေတာကြောင့် ပြည်သူတွေ လောင်းလုံးဘက်ခြမ်းကို ဖြတ်သန်းသွားလာတာတွေမလုပ်ကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့အရေးပေါ်အသိပေးချက်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ အခုတစ်ပတ်အတွင်း သရက်ချောင်းမြို့နယ်က ပဲဒက်စခန်းသိမ်းတိုက်ပွဲမှာလည်း လေကြောင်းနဲ့ရေကြောင်းကိုပူးတွဲအသုံးပြုပြီး ခုခံတိုက်ခိုက်တာတွေကိုလုပ်ဆောင်ခဲ့ပါတယ်။
မနေ့ကလည်း သရက်ချောင်းမြို့နယ်က ပဲဒက်စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရငဲနဲ့ ကနက်သီရိကျေးရွာတွေက စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘောလုံးကွင်းတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
The Tanintharyi Times
