မိုင်းဆွဲခံရမှာကြောက်လို့ တောလမ်းကလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းထိ

မိုင်းဆွဲခံရမှာကြောက်လို့ တောလမ်းကလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းထိ

ဓာတ်ပုံ - ထားဝယ်စုပေါင်းစစ်ကြောင်း။

ထားဝယ်-ထီးခီးလမ်းမ အတိုင်းမဟုတ်ဘဲ တောလမ်းက ခြေလျင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ် အရှေ့တောနယ် တောလမ်းတစ်နေရာမှာ တိုက်မိုင်းထိမှန်ခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းဆီကသိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ထိုင်း-မြန်မာနယ်စပ်​ဒေသမှာ တာဝန်ထမ်းဆောင်ပြီးပြန်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်မှာ အရှေ့တောဒေသက အညာဖျားကျေးရွာ နဲ့ ဥယျာဉ်ကြီးကျေးရွာကြားက တောလမ်းပိုင်းတစ်နေရာမှာ တိုက်မိုင်းထိမှန်ခဲ့တာပါ။

“မိန်းလမ်းကမလာရဲလို့ တောလမ်းကပတ်ပြီး ထားဝယ်ဘက်ကိုထွက်လာတာ။ ကျနော်တို့ဘက်ကလည်း သတင်းကြိုရလို့သူတို့လာနိုင်ခြေရှိတဲ့ တောလမ်းမှာမိုင်းဝင်ထောင်ထားတာပါ” လို့ထားဝယ်စုပေါင်းစစ်ကြောင်းက ရဲဘော်တစ်ဦးကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထောင်ထားတဲ့တိုက်မိုင်း ၄ လုံးမှာ ၂ လုံး ချိတ်မိပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သေဆုံးသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလာရတဲ့ ရွာသူ၊ ရွာသား တွေထဲက ၂ ဦးလည်း မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တဲ့ဒေသခံ ၆ ဦးခန့်ရှိပြီး တောလမ်းတလျှာက် ရွာတွေကနေ ဖမ်းဆီးခေါ်ဆောင်ခံလာရသူတွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောပါတယ်။

ထားဝယ်စုပေါင်းစစ်ကြောင်းကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရွာသူ၊ ရွာသားတွေကို အနူးညွတ်တောင်းပန်ကြောင်းနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာအတွင်းဖြတ်သန်းသွားလာချိန် ဒေသခံပြည်သူတွေဘေးကင်းရာမှာ ရွေ့ပြောင်း နေထိုင်ပေးကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

မိုင်းထိမှန်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့အတွင်းမှာပဲ ထားဝယ်ဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့သိရပေမယ့် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ရွာသားတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ၊ ယာဥ်တန်းတွေဟာ မိုင်းဆွဲတာ၊ ကြားဖြတ်တိုက်ခိုက်တာတွေကိုမကြာခဏခံရလေ့ရှိပါတယ်။

The Tanintharyi Times