မြိတ်မှာ အမျိုးသားနှစ်ဦးစီးတဲ့ဆိုင်ကယ်ကို ကားနဲ့တိုက်ဖမ်းတာတွေဆက်တိုက်လုပ်ဆောင်လာ

မြိတ်မှာ အမျိုးသားနှစ်ဦးစီးတဲ့ဆိုင်ကယ်ကို ကားနဲ့တိုက်ဖမ်းတာတွေဆက်တိုက်လုပ်ဆောင်လာ

မြိတ်မြို့တွင်းတစ်နေရာ။
ဓာတ်ပုံ - မြိတ်မြို့တွင်းတစ်နေရာ။

မြိတ်မြို့တွင်းလမ်းတွေပေါ်မှာ အမျိုးသားနှစ်ဦးစီးလာတဲ့ဆိုင်ကယ်တွေကို ကားနဲ့တိုက်ပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒုတပ်ချုပ်စိုးဝင်း မြိတ်မြို့ကိုရောက်ရှိချိန် မေလ ၃ ရက်က ဗုံးတွေ ပေါက်ကွဲပြီးတဲ့နောက်မှာ ခုလိုဆက်တိုက်လုပ်ဆောင်လာတာပါ။

အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီဘက်တော်သား တွေဟာ အိမ်စီးကားတွေအသုံးပြုပြီး အမျိုးသားနှစ်ဦးစီးပြီးသွားနေတဲ့ ဆိုင်ကယ်တွေကိုကားကန့်လန့်ဖြတ် လမ်းပိတ်ဖမ်းတာ၊
ကားနဲ့ဝင်တိုက်ပြီး ဖမ်းတာတို့ကို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒါ့အပြင် မရပ်ပေးဘဲ မောင်းပြေးတဲ့ဆိုင်ကယ်တွေကို ရော်ဘာကျည်လို့ယူဆရတဲ့ ကျည်ဆံနဲ့လည်း လိုက်ပစ်တယ်လို့မျက်မြင်တွေကပြောပါတယ်။

အဲဒီမျက်မြင်ရဲ့ပြောဆိုချက်အရ မေလ ၈ ရက်နေ့ တစ်နာရီအချိန်ဝန်းကျင်မှာတင် မြို့တွင်းတစ်နေရာတည်း စောင့်ဖမ်းတာ ဆိုင်ကယ် ၆ စီးနဲ့ လူငယ် ၁၂ ဦးအဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။

“ကျနော့်အနားမှာတင် ကားနဲ့တိုက်သေနတ်နဲ့ထိုးပစ်တာမြင်လိုက်တော့ ကျနော်ကြောက်ပြီး တဆတ်ဆတ်တုန်သွားတယ်” လို့ မျက်မြင်တွေ့လိုက်သူ ကပြောပါတယ်။

ကားတိုက်ဖမ်းတဲ့အဖွဲ့ဟာ ဆိုင်ကယ်တွေအပါအဝင် အနည်းဆုံးအိမ်စီး ကားနှစ်စီးနဲ့ နေ့ရောညပါ မြို့လှည့်နေပြီး တွေ့တဲ့နေရာမှာ ကားနဲ့တိုက်ဖမ်းဆီးမှုတွေကို ပြုလုပ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

ကားတိုက်အဖမ်းခံရပြီးနောက် ငွေပေးပြီး ပြန်လွတ်လာသူတွေရှိသလို မလွတ်တဲ့ သူတစ်ချို့လည်း ရှိတယ်လို့သိရပါတယ်။

မြိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မယ်လို့လည်း တော်လှန်ရေးအဖွဲ့တချို့ကကြေညာထားပါတယ်။