ထားဝယ်ခရိုင်အတွင်းက ရဲစခန်းနဲ့စစ်ကောင်စီဂိတ်စခန်း ၃ ခု တစ်မနက်တည်း တိုက်ခိုက်ခံရ
ထားဝယ်ခရိုင်အတွင်းက ရဲစခန်းနဲ့စစ်ကောင်စီဂိတ်စခန်း ၃ ခု တစ်မနက်တည်း တိုက်ခိုက်ခံရ
ထားဝယ်ခရိုင်အတွင်းက ရဲစခန်းနဲ့စစ်ကောင်စီဂိတ် ၃ ခု ဒီနေ့တစ်မနက်တည်း ဝင်ရောက်တိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသခံတွေဆီကသိရပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာတွေကတော့ ပကာရီရဲစခန်း၊ ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ စော်ဖျားရွာကစစ်ကောင်စီတပ်စခန်းကုန်း တို့ဖြစ်ပါတယ်။
ပကာရီရဲစခန်းဖြစ်စဥ်
တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့မနက် ၁၀ နာရီကျော်လောက်ကစပြီး အင်အားအများအပြားနဲ့ ထားဝယ်မြို့နယ်ထဲက ပကာရီရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
နှစ်ဖက်လက်နက်ကြီးငယ်တွေနဲ့တိုက်ခိုက်ခဲ့ကြပြီး ညနေ ၄ နာရီဝန်းကျင်လောက်မှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဘေးကင်းကင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
“တိုက်ပွဲကတော်တော်ကိုကြမ်းတယ်။ စက်သေနတ်ကျည်တွေဆိုဝဲနေတာဗျာ” လို့ တိုက်ပွဲပြန်ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ပကာရီရဲစခန်းဟာ ထားဝယ်-မေတ္တာလမ်းနဘေးက တောင်ကုန်းအမြင့်ပေါ်မှာရှိပြီး ပတ်ပတ်လည်ကတောတွေထဲမှာလည်း ကတုတ်ကျင်းတွေနဲ့ တပ်စခန်းပုံစံ အခိုင်အမာတည်ဆောက်ထားတဲ့ ဗျူဟာကျတဲ့နေရာတစ်ခုဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့မနက်တိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီဘက်ကထိခိုက်မှုအသေးစိတ်ကိုမသိရပေမယ့် အနည်းဆုံး ၇ ဦးခန့်ကျဆုံးနိုင်တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ သံမဏိပြောက်ကျားတပ်ဖွဲ့နဘယံရဲ့တာဝန်ခံ ဗိုလ်မုတ်ဆိတ်ကဆိုပါတယ်။
“စနိုက်ပါနဲ့ပစ်ချတာတောင် ၃ ယောက်အနည်းဆုံးကျတယ်။ ကျွန်တော်တို့ဘက်က ၆၀မမနဲ့ ၄၀မမတွေပစ်တယ်။ သူတို့နေရာကို အလုံးလိုက်ဝင်တာတွေရှိတယ်” လို့ဗိုလ်မုတ်ဆိတ်ကပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်ကတော့ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်တဲ့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေချိန် ပကာရီရွာနဲ့အနောက်ဘက်မှာရှိတဲ့ သပြေချောင်းတပ်ကနေ ၁၂၀ မမ လက်နက်ကြီးတွေ ၈ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီထဲကလက်နက်ကြီးကျည်တစ်လုံးကတော့ စစ်ဘေးရှောင်တွေရှိတဲ့ နေရာနဲ့သိပ်မဝေးတဲ့နေရာမှာကျရောက်ပေါက်ကွဲခဲ့သလို ပကာရီရဲစခန်းကပစ်ခတ်တဲ့လက်နက်ကြီးကြောင့်လည်း ပကာရီရွာထဲကနေအိမ်ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကဆိုပါတယ်။
ပကာရီရွာကဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာထွက်ပြေးတိမ်းရှောင်ကြတာနဲ့ ဘုန်းကြီးကျောင်းတွေမှာထွက်ပြေးတိမ်းရှောင်ကြတာရှိသလို နေအိမ်တွေမှာပိတ်မိနေတာမျိုးလည်းရှိတယ်လို့သိရပါတယ်။
ပကာရီရဲစခန်းတိုက်ခိုက်မှုကိုတော့ ထားဝယ်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ စစ်ကြောင်းတွေနဲ့ ကော်သူးလေတပ်မတော်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဘုရားမဲစစ်ဆေးရေးဂိတ်ဖြစ်စဥ်
ထားဝယ်-ရေးကားလမ်းပေါ် မောင်မယ်ရှောင်ရွာအနီးမှာ အခိုင်အမာတပ်စွဲထားတဲ့ ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့မနက် ၉ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မွန်းတည့်ပိုင်းအထိ စစ်ကောက်စီဘက်က လက်နက်ကြီးငယ်ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။
ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့ မွန်းတည့်ပိုင်း ကလည်းအဆိုပါ စစ်ကောင်စီဂိတ်စခန်းကို DGRF နဲ့ ဧဒင်မှုး ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ာ
စော်ဖျားစစ်ဆေးရေးဂိတ် ဖြစ်စဥ်
သရက်ချောင်းမြို့နယ် စော်ဖျားရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေပေါင်းပြီးတပ်စွဲထားတဲ့ ဘုရားကုန်းက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနက် ၆ နာရီလောက််မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာလည်း မနက် ၁၁ နာရီလောက်အထိ နှစ်ဖက်လက်နက်ကြီးငယ်တွေနဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရောင်းမော်ရွာနဲ့ ဆေးဖြတ်ကုန်းရွာတွေဘက်ကနေ ၁၂၀ မမလက်နက်ကြီးတွေအထိအသုံးပြုပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲကြောင့်နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။
ကင်းရှေ့ရွာလမ်းအတိုင်းစစ်ကူရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကလည်း နေ့လည်ပိုင်းမှာ လက်နက်ကြီးငယ်ရမ်းသမ်းပစ်ခတ်တာကိုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကင်းရှေ့ရွာမှာနေအိမ်ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့သိရပါတယ်။
The Tanintharyi Times
