စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်ရေယာဉ် ၃ စီးကို နစ်မြုပ်သွားအောင် AA ချေမှုန်း

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်ရေယာဉ် ၃ စီးကို နစ်မြုပ်သွားအောင် AA ချေမှုန်း

စစ်သင်္ဘော ၇ စီးလောက်ကို သွားလာလို့မရနိုင်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ဆို

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်ရေယာဉ် သုံးစီးကို မြစ်အတွင်းမှာ နှစ်မြုပ်သွားအောင် ရက္ခိုင့်တပ်တော် AA က မနေ့က တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

အခုနှစ် တစ်လကျော်အတွင်းမှာတင် AA ဟာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၇ စီးလောက်ကို သွားလာလို့မရနိုင်အောင်၊ မြစ်အတွင်းရေချလို့မရနိုင်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်၊ အခုလ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ စစ်ရေယာဉ်သုံးစီးအပြင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်ရေယာဉ်တွေကို နစ်မြုပ်နိုင်ခဲ့တဲ့ မနေ့က ရက္ခိုင့်တပ်တော်ရဲ့သမိုင်းမှာ ပင်လယ်ပြင်ထက် အောင်ပွဲရေးထိုးနိုင်ခဲ့တဲ့ နေ့တနေ့ဖြစ်ခဲ့သလို ရေတပ်သင်္ဘောတွေကို နစ်မြှုပ်အောင် ကြံဆောင်နိုင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့မှာ ကျန်နေသေးတဲ့ စစ်ကောင်စီရဲတပ်ရင်း (၃၁) ကိုလည်း ထိုးစစ်ဆင်သိမ်းနိုင်ခဲ့တာကြောင့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။

ရမ်းဗြဲမြို့မှာတော့ စစ်ကောင်စီရေတပ် စစ်သင်္ဘောကနေ ၇ ရက်နေ့ တရက်တည်းမှာတင် လက်နက်ကြီးနဲ့ ၂၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သလို သိမ်တောင်ကုန်းဘုရားပေါ်ရှိ စစ်ကောင်စီတပ်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုလ ၇ ရက်နေ့ ညအချိန်မှာလည်း ရမ်းဗြဲမြို့ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ညီနောင် မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ရသေ့တောင်မြို့နယ်မှာတော့ အငူမော်-မောင်တောကားလမ်းမဘေး၊ စစ်ကောင်စီရဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ စခန်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့် တပ်စခန်းအနီးမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့နယ် လေးတောင်ဗွေကျွန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်ဖြူမြို့နယ်၊ ဂုံးချွန်တိုက်နယ်၊ စေပုတ်ကေကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက် ဝင်ရောက်လာပြီ သက်ကြီးပိုင်း ဒေသခံအမျိုးသား နှစ်ဦး အပါအဝင် ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တွေ၊ ခမရ (၃၄၄) တပ်ရင်းကနေ ပုဏ္ဏားကျွန်း၊ ကွမ်းတောင်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသားတစ်ဦး ဘယ်ဘက်မျက်စိအား ကျည်စထိမှန်ခဲ့သလို ပုဏ္ဏာကျွန်းမြို့နယ်ထဲက နွားရုံတန်း(အိုင်ဒင်)ကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ ၄ ကြိမ်ထက်မက ပစ်ခတ်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကိုးကန့်နဲ့ တအာင်းဒေသတွေမှာတော့ စစ်ကျန်စွန့်လွှတ်မိုင်းနဲ့ လက်နက်ကြီး အကြွင်းအကျန်တွေကို ရှင်းလင်းတာ၊ ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်တည်ဆောက်တာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို လုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော် AA ၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့် တပ်မတော် MMDAA တို့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times