တနင်္သာရီမြို့နယ်က လယ်အချို့မှာ စပါးဖျက်ပိုးကျနေ

တနင်္သာရီမြို့နယ်က လယ်အချို့မှာ စပါးဖျက်ပိုးကျနေ

ပုံစာ - စစ်ကောင်စီရဲ့တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မိုးစပါး စိုက်ပျိုးသရုပ်ပြပွဲကို မနှစ်ကတက်ရောက်ခဲ့ပါတယ်။

ရာသီဥတုမမှန်တာနဲ့ ဒေသမငြိမ်သက်မှုတွေကြားကနေ စပါးဖြစ်ထွန်းအောင် လယ်ကို ကြိုးစားစိုက်ပျိုးနေရတဲ့ အခြေအနေမှာ တနင်္သာရီမြို့နယ်က ဒေသခံတွေရဲ့လယ်အချို့ကတော့ စပါးဖျက်ပိုးကျတာကိုပါ ရင်ဆိုင်နေကြရပါတယ်။

“လယ်ထဲက စပါးပင်တွေဆို ခေါင်းတုံးတွေချည်းပဲ။ လယ်ကလည်းမလုပ်ရင် မစားရတဲ့အခြေနေမို့သာ လုပ်နေရတာ။” လို့ ညောင်ပင်ကွင်းကျေးရွာအုပ်စုက လယ်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောပါတယ်။

လယ်ပိုင်ရှင်ပြောတဲ့ “စပါးပင်ခေါင်းတုံး”ဆိုတာဟာ စပါးပင်တွေမှာ ပိုးကျပြီး အရွက်ထိပ်တွေပြတ်နေတာကို ဆိုလိုတာပါ။ သူ့ရဲ့ လယ်တွေမှာ တစ်ဧကဆိုရင် ဧကဝက်လောက်က ပိုးကျနေတာဖြစ်လို့ စပါးမရတော့မှာကို စိုးရိမ်​စိတ်ရှိနေပါတယ်။

တနင်္သာရီမြို့နယ်ထဲက စပါးဖျက်ပိုး အကျများနေတဲ့ လယ်တွေက ပဝ၊ အနောက်မော်တုံး၊ တကူ၊ သကျက်နဲ့ ညောင်ပင်ကွင်းစတဲ့ ‌ကျေးရွာအုပ်စုက လယ်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။

စပါးဖျက်ပိုးကြောင့် စပါးပင်ရဲ့အရွက်တွေဝါလာပြီး စပါးပင်မှိုစွဲတာ၊ အပင်ကြီထွားမှုနှုန်းနှေးတာ၊ အပင်သေတာတွေဖြစ်နေတယ်လို့ ဒေသခံလယ်ရှင်က ပြောပါတယ်။

တနင်္သာရီမြို့နယ်က ဒေသခံလယ်သမားတွေက စပါးဖျက်ပိုးတွေကို နှိမ်နင်းဖို့ အသုံးပြုတဲ့ ဂေါ်ဇီလာ၊ မာလာမြိုင်တံဆိပ်ပိုးသတ်ဆေးတွေဟာလည်း ၂၅၀ စီစီပမာဏရှိတဲ့ ဆေးဘူးတစ်ဘူးကို စစ်တပ်အာဏာမသိမ်းခင်ကကျပ် ၃၀၀၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ အခုကာလမှာ တစ်ဘူးကို ၈၀၀၀ ကျပ်ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

လယ်တစ်ဧကအတွက် တစ်ခါသုံးရင် ပိုးသတ်ဆေး ၂၅၀ စီစီဆိုရင် ၂ ဘူးသုံးရပြီး ပိုးသတ်ဆေးဖြန်းတာဟာ စပါးပင်တွေအပေါ် ပိုးကျရောက်နှုန်းအနည်း၊ အများပေါ်မူတည်ပြီး အနည်းဆုံးတစ်ကြိမ်ကနေ သုံးကြိမ်လောက်ထိ ဖြန်းလေ့ရှိတယ်လို့ သိရပါတယ်။

ဒေသခံလယ်ပိုင်ရှင် အမျိုးသားတစ်ဦးကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆို သူတို့ဒေသဘက်မှာ စပါးဖျက်ပိုးကျတာမျိုး မကြုံခဲ့ရဖူးဘူးလို့ ပြောပါတယ်။

စပါးဖျက်ပိုးမွှားတွေဟာ တစ်လယ်နဲ့တစ်လယ်၊ တစ်ရွာနဲ့တစ်ရွာကူးတတ်တာကြောင့် အခုလိုစပါးဖျက်ပိုးတွေများလာနေတာက စိုးရိမ်စရာကောင်းတယ်လို့ သူက ဆက်ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့လက မိုးကြီးပြီးချောင်းရေလျှံတာတွေ ဖြစ်ခဲ့တာကြောင့် မြစ်ချောင်းနဲ့နီးတဲ့လယ်တွေ၊ တောင်ကျရေဝင်တဲ့လယ်တွေမှာ စပါးပင်တွေပျက်စီးဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

စစ်ကာင်စီကတော့ တနင်္သာရီတိုင်းမှာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်းမိုးစပါးစိုက်ဧက ၁၆၀၀၀ကျော် စိုက်ပျိုးထားတယ်လို့ ဇူလိုင်လက ပြောထားပါတယ်။

The Tanintharyi Times