မြိတ်-ထားဝယ်ကားလမ်းကို ည ၉ နာရီနောက်ပိုင်း အသုံးမပြုကြဖို့ သရက်ချောင်း ပကဖ အသိပေး

မြိတ်-ထားဝယ်ကားလမ်းကို ည ၉ နာရီနောက်ပိုင်း အသုံးမပြုကြဖို့ သရက်ချောင်း ပကဖ အသိပေး

ဓာတ်ပုံ - ထားဝယ်-မြိတ်ကားလမ်းမှာ တိုက်ပွဲကြောင့် စောင့်ဆိုင်းနေရတဲ့ ယာဥ်တွေ။(ပုံဟောင်း)

သရက်ချောင်းမြို့နယ်အတွင်းက မြိတ်-ထားဝယ်ကားလမ်းကို စစ်ရေးအခြေအနေတွေကြောင့် ည ၉ နာရီနောက်ပိုင်းအသုံးပြုသွားလာတာမလုပ်ကြဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး စာထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာ ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ နာရီကနေ ည ၉ နာရီအထိသာသွားလာကြဖို့ အသိပေးရေးသားထားပါတယ်။

“စာထုတ်ရတာကတော့အခုတလော စစ်ကောင်စီတပ်သားတွေ ရွာတွေထဲပတ်မွှေလာတယ်။ ညဘက်ဆိုရင် အိမ်စီးကား၊ အရေးပေါ်ကားတွေအသုံးပြုပြီး သွားလာနေတာများလာပါတယ်။ ပကဖအဖွဲ့တွေက ကြုံရင်ကြုံသလို မိုင်းဆွဲတာတွေ ပစ်ခတ်တာတွေ လုပ်ဖို့ရှိတာမို့ ပြည်သူများမထိခိုက်အောင်ပါ” လို့ သရက်ချောင်းမြို့နယ် (ပကဖ) ပြန်ကြားရေးတာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အတူသွားလာတာမျိုး မပြုလုပ်ကြဖို့နဲ့ အကယ်၍အတူတူသွားလာချိန် ထိခိုက်ဆုံးရှုံးမှုတစ်စုံတရာရှိလာရင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

နောက်ထပ်ကြေညာချက် မထုတ်ပြန်ခင်ကာလအထိ အခုထုတ်ပြန်ချက်အတိုင်း လိုက်နာပူးပေါင်းပေးကြဖို့လည်း သရက်ချောင်းမြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အခုလ ၂ ရက်နေ့ည ၈နာရီခွဲလောက်ကတော့ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကိုဖြတ်သွားတဲ့ အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီးယာဥ်မောင်း အမျိုးသားသေဆုံးခဲ့ပါတယ်။

ဒီနေ့မှာလည်း သရက်ချောင်းမြို့နယ်အောက်ဘက်မြိတ်-ထားဝယ်ကားလမ်းပေါ်က ကမြိုင်ရွာ နဲ့ ရငဲရွာကြားမှာစစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

The Tanintharyi Times