သရက်ချောင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က အရပ်သားသုံးဦးကိုဖမ်းဆီး
သရက်ချောင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က အရပ်သားသုံးဦးကိုဖမ်းဆီး
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတွေလည်းအဖမ်းခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၇ နာရီအချိန်လောက်က ဝင်းဝရဲစခန်းကနေထွက်လာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ သိမ်ကုန်းရွာအရောက်မှာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ဝဲရစ်ရွာ၊ ကမြိုင်ရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။
ကမြိုင်ရွာအရောက်မှာ ရွာသားတွေကို နေအိမ်အပြင်ထွက်ခိုင်းခဲ့ပြီး လမ်းဘေးမှာ ဒူးထောက်၊ လက်မြှောက်ကာ ၁၅ မိနစ်ခန့် ထိုင်ခိုင်းခဲ့ပြီးနောက် ရငဲရွာဘက်ကိုထွက်သွားတယ်လို့ ကမြိုင်ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ကရွာထဲဝင်လာတာနဲ့ အိမ်ထဲမှာရှိသမျှလူအကုန်ထွက်လို့အော်ပြီးဝင်လာတာ။ တောလမ်းကဝင်လာတယ်။ သူတို့ဟာသူတို့တိုးတိုးပြောပြီး ထွက်သွားတယ်။ ရှိနေတုန်းအကာကွယ်ယူတဲ့ သဘောလောက်ပဲ” လို့ ဒူးထောက်လက်မြှောက်ပြီးထိုင်ခဲ့ရတဲ့ ကမြိုင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီခြေလျင်စစ်ကြောင်းကို ကမြိုင်ရွာနဲ့ ရငဲရွာကြားက တံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အခုမနက် ၁၁နာရီခွဲလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုလုပ်ဆောင်ရာမှာပါဝင်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက “သူတို့ခြေလျင်စစ်ကြောင်းမှာ အင်အား ၃၅ ယောက်ဝန်းကျင်လောက်ပါတယ်။ ကျနော်တို့ဘက်က မိုင်းဆွဲတာရော ကြားဖြတ်ပစ်ခတ်တာရောလုပ်ခဲ့ပါတယ်။ လက်ရှိတော့ရဲဘော်တွေ ဘေးကင်းတဲ့နေရာရောက်ပါပြီ” လို့ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း မိုင်းကွင်းအတွင်းရောက်နေတဲ့ စစ်ကောင်စီတပ်သား ၅ ဦးခန့်ထိခိုက်သေဆုံးမှုရှိတယ်လို့ကနဦးသိရကြောင်း သူကဆက်ပြောပါတယ်။
အခုမနက် နှစ်ဖက်တိုက်ခိုက်မှုအကြိမ်အရေအတွက်နဲ့ ဘယ်အဖွဲ့တွေပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
အဲဒီနောက်စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးအများအပြားရမ်းသမ်းပစ်ခတ်ကာ ကျွဲမင်းကုန်းရွာဘက်ကိုထွက်သွားပြီး အဲဒီရွာက ရွာသား ၃ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။
အခုညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ကနက်သီရိရွာထဲကိုရောက်ရှိနေတယ်လို့သိရပါတယ်။
မနေ့ကတော့ ကနက်သီရိရွာက ပျူစောထီးလို့နာမည်ထွက်နေသူ အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရပါတယ်။
သရက်ချောင်းမြို့နယ်က ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာနဲ့ ကနက်သီရိရွာတွေဟာ ဘေးချင်းကပ်ရွာတွေဖြစ်ပါတယ်။
The Tanintharyi Times
