တနင်္သာရီက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်မီးရှို့
တနင်္သာရီက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်မီးရှို့
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ထုံမခါရွာဘက်ကို စစ်ကြောင်းဝင်လာပြီး ရွာထဲက နေအိမ်တစ်ဆောင်ကိုမီးရှို့သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
အခုလ ၆ရက်နေ့ မွန်းတည့် ၁၁ နာရီလောက်မှာ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ထုံမခါရွာဘက်ကို စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်လောက်ဝင်ရောက်လာပြီးအခုလိုလုပ်ဆောင်ခဲ့တာပါ။
“မီးရှို့ခံရတာကတော့ တဆောင်တည်းပါ၊ PDFနဲ့အချိတ်အဆက်ရှိတယ်လို့စွပ်စွဲပြီးရှို့သွားတာ” လို့တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ညနေ ၄ နာရီလောက်အထိ ထုံမခါရွာတဝိုက်ကို လက်နက်ကြီး၊ လက််နက်ငယ် ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားခဲ့ပေမယ့် ညပိုင်းအထိ ထုံမခါရွာတဝိုက်ကို စစ်ကောင်စီတပ် ခမရ ၅၆၁က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ရွာမှာရှိတဲ့ ဒေသခံရွာသားတွေကတော့ စစ်ဘေးရှောင်နေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးဘက်ကဆိုပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစပြီး တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းနီးပါးပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင် လက်ရှိမှာ တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီးပါးအထိရှိလာခဲ့ပြီလို့သိရပါတယ်။


The Tanintharyi Times
