လေညာရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်နေလို့ ဒေသခံတွေ လုံခြုံရေးစိုးရိမ်နေ

လေညာရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်နေလို့ ဒေသခံတွေ လုံခြုံရေးစိုးရိမ်နေ

တိုက်ပွဲဖြစ်ပွါးမှုမရှိဘဲ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်နေတာတွေကြောင့် ဘုတ်ပြင်းမြို့နယ်ရှိ လေညာရွာနဲ့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။

လေညာရွာအနီးက ခြေမြန်တပ်ရင်း ခမရ (၅၆၀)နဲ့ လေညာတံတားကြီးဂိတ်က စစ်ကာင်စီတပ်သားတွေက အခုလအစ ပထမအပတ်မှာ ည ၈ နာရီကျော် အချိန်တိုင်း ရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေခဲ့တာလို့ ရွာခံဖြစ်တဲ့ သက်လတ်ပိုင်းအမျိုးသား တစ်ဦးက ပြောပြပါတယ်။

“ ပစ်သံတွေကနေ့တိုင်းကြားနေရတော့ တော်တော်လည်း ကြောက်နေကြတယ်။ ဘာများ ဖြစ်လာမလဲလို့ ရင်တထိတ်ထိတ်နဲ့ပဲ နေနေရတာ” သူက ဆိုပါတယ်။

အချို့ရက်တွေမှာ စစ်ကောင်စီတပ်ကနေ နေ့ခင်းဘက်တွေမှာပါ ပစ်ခတ်မှုရှိလာလို့ အလုပ်တွေ မလုပ်ဘဲ နားလိုက်ရတဲ့ ရက်တွေလည်း ရှိနေတယ်လို့ သူကဆက်ပြောပြပါတယ်။

လေညာဒေသခံတွေဟာ အခုကာလက ကွမ်းသီးရာသီဖြစ်တဲ့အတွက် ကွမ်းသီးကောက်ဆင်းတာတွေ ရှိနေသလို ပန်းရံလုပ်တာ၊ လက်သမားလုပ်တာစသဖြင့် နေ့စားလုပ်ကိုင်သူတွေ ပေါများကြတဲ့ ရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဥယျာဉ်ခြံလုပ်ကိုင်တဲ့ လေညာဒေသခံအမျိုးသမီးတစ်ဦးကလည်း နေ့စားအလုပ်ဆင်းဖို့ကိုတောင် အခြေအနေကြည့်ပြီး လုပ်နေရကာ တခြားရွာမှာ သွားလုပ်ရမဲ့ အခါမျိုးဆိုရင်လည်း ပစ်ခတ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေရင် ရှောင်နေရတယ်လို့ ရှင်းပြပါတယ်။

“အဓိကစိုးရိမ်တာက ရွာထဲအကြောင်းမရှိ လာပစ်သတ်မှာကို စိုးရိမ်တာပါ” လို့ အမျိုးသမီးက ပြောပါတယ်။

လေညာရွာဒေသခံတွေနည်းတူ ရွာကပ်ရပ်က စန္ဒရီးရွာနဲ့ ပြည်ကြီးမဏ္ဍိုင်မြို့က ဒေသခံတွေကလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ ဒေသခံအမျိုးသမီး ပြောပြချက်အရ သိရပါတယ်။

ခမရ (၅၆၀) ဟာ လေညာရွာရဲ့ ရွာထိပ်မှာပဲရှိတာဖြစ်ပြီး လေညာတံတားကြီးဂိတ်ကတော့ ရွာနဲ့တစ်မိုင်ကျော်ခန့်ကွာဝေးတဲ့ နေရာမှာ ရှိတာဖြစ်ပါတယ်။ အဲ့ဒီဂိတ်မှာ စစ်ကောင်စီတပ်သား ငါးဦးကနေ ခြောက်ဦးဝန်းကျင်အထိ အစောင့် ပုံမှန်ချထားလေ့ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ပြည်ကြီးမဏ္ဍိုင်မြို့နဲ့ လေညာရွာထဲကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်ဆေးတာတွေ၊ ဒေသခံတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို ယူဆောင်သွားကြတာမျိုးတွေ လုပ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။

လေညာရွာဟာ အိမ်ခြေ ၃၇၀ ဝန်းကျင်ရှိတဲ့ ရွာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

The Tanintharyi Times