အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လွဲပြီး အမ်းတမြို့နယ်လုံးကို AA သိမ်းပိုက်ရရှိ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လွဲပြီး အမ်းတမြို့နယ်လုံးကို AA သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လွဲပြီး အမ်မြို့နယ်မှာ အခြေစိုက်ကျန်စစ်ကောင်စီတပ်စခန်းအားလုံး ကို သိမ်းပိုက်ရရှိထားပြီးလို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

အမ်းရှိ ဌာနဆိုင်ရာရုံးတွေ၊ အမ်းလေဆိပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခအတွင်းက နေရာအများစုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် စစ်သည်တွေရဲ့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ AA က မနေ့ညက ထုတ်ပြန်ခဲ့တာပါ။

အမ်းဒေသအတွင်း စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်တွေ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်တွေ၊ တပ်ခွဲအသီးသီး အပါအဝင် စခန်းနေရာ ၃၀ကျော်ရှိတဲ့ထဲက နပခ ခွင်တခုသာ ကျန်ရှိပြီး ယင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ AA က သိမ်းပိုက်လိုက်တဲ့ စခန်းတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတာလည်း ရှိနေပါတယ်။

နိုဝင်ဘာ ၂၈ ရက်က အမ်းမြို့ကို စစ်ကူပေးဖို့ တက်လာတဲ့ တပ်မ ၈၈ လက်အောက်ခံ ခမရ (၃၁၇)၊ (၄၁၅)၊ (၄၁၆) တပ်ရင်း ၃ ရင်းပါ အင်အား ၁၃၀ ရှိ စုပေါင်းစစ်ကြောင်းကို AA က ၃ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း AA က ထုတ်ပြန်ထားပါတယ်။

အမ်းဒေသကို AA က ထိုးစစ်ဆင်နေတဲ့ တချိန်ထဲမှာပဲ စစ်ကောင်စီဟာ ရခိုင်ရိုးမဘက်ကနေ ရဟတ်ယာဉ်နဲ့ စစ်ကူတွေ အကြိမ်ကြိမ်ပို့ဆောင်နေပေမယ့် အာရက္ခတပ်တော်ဘက်က အဆင့်ဆင့်ဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့တာကြောင့် စစ်ကြောင်းတကြောင်းလုံး ချေမှုန်းခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂွမြို့နယ်ဘက်မှာလည်း စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၂၄ က စတင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် သေဆုံးကာ၊ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းတွေကို AA က ရရှိခဲ့ပါတယ်။

ဂွမြို့နယ်ကို စစ်ကူလာတဲ့ စစ်ကြောင်းဟာ အင်အား ၁၈၀ ကျော် ပါဝင်ပြီး ဧရာဝတီတိုင်းရှိ ဟင်္သာတအခြေစိုက် ခလရ ၁၈ တပ်ရင်း၊ မအူပင်အခြေစိုက် ခလရ ၅၁ တပ်ရင်း၊ အိမ်မဲ အခြေစိုက် ခလရ ၆၃ တပ်ရင်း၊ ရန်ကုန် လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ တပ်ရင်းတို့ စုပေါင်းထားတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။

မောင်တောမြို့မှာတော့ တခုတည်းကျန်နေတဲ့ အမှတ် ၅ နယ်ခြားစောင့်စခန်း နခခ (၅) ကို စစ်ကောင်စီဘက်က လေကြောင်းကနေ လက်နက်ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းပေးရုံက လွဲပြီး ကုန်းလမ်း၊ ရေလမ်းကနေ စစ်ကူလာရောက်နိုင်ခြင်း မရှိတော့တဲ့ အနေအထားကို ရောက်နေပြီး AA ဘက်က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။

မနေ့ကအထိတော့ ရခိုင်ရှိ တောင်ကုတ်၊ ဂွ၊ မောင်တောတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက်ကိုတော့ ထည့်သွင်းထုတ်ပြန်ထားခြင်း မရှိပါ။

အာရက္ခတပ်တော်ဘက်က လက်ကျန်စခန်းတွေ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောပေါ်က ပစ်ကူ အမြာက်အများပေးပြီး ခုခံနေတာကြောင့် အမ်း၊ တောင်ကုတ်၊ ဂွ၊ မောင်တောတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း AA ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times