မြိတ်နဲ့တနင်္သာရီမှာ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် ၁၃ဦးထက်မနည်းသေဆုံး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတစ်ဦးလည်း ပစ်သတ်ခံရ
မြိတ်နဲ့တနင်္သာရီမှာ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် ၁၃ဦးထက်မနည်းသေဆုံး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတစ်ဦးလည်း ပစ်သတ်ခံရ
မြိတ်မြို့နယ်နဲ့တနင်္သာရီမြို့နယ်တွေမှာ မနေ့က တိုက်ပွဲဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှုးတစ်ဦးအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး တစ်ဦးလည်းပစ်သတ်ခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေသိရပါတယ်။
မနေ့ကမနက် ၆နာရီလောက်မှာ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသွားရောက်ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးသေဆုံးခဲ့ပါတယ်။
အဲဒီအုပ်ချုပ်ရေးမှုးဟာ စစ်ကောင်စီသတင်းပေးနဲ့ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့သိရပြီး သူပစ်သတ်ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
မနက် ၇နာရီလောက်မှာလည်း တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာက စစ်ကောင်စီတပ်သားတွေကို တနင်္သာရီပြောက်ကျား၊ မြိတ်ခရိုင်တပ်ရင်း၂၊တနင်္သာရီရိုးမ နဲ့ တပ်ပေါင်းစုတွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြီးချိန် လမ်းကင်းတွေချတာ နဲ့အစစ်ဆေး တင်းကြပ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ညနေ ၅ နာရီလောက်မှာလည်း တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဘုတ်ပြင်းမှ ဆင်းလာတဲ့ကား ၃ စီးပါစစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်အပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကတပ်ရင်းမှုးတစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးပြီး အယောက် ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
” ဒီကောင်တွေအလောင်းနဲ့ဒဏ်ရာရသူတွေကို လူနာတင်ကား ၅စီးနဲ့တောင်လာတင်တာ။ မိုင်းထိတဲ့ကားကိုလည်း နောက်ကားတစ်စီးနဲ့လာဆွဲသွားတယ်” ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ည ၇နာရီလောက်မှာလည်း မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောဆိုပြီး နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times
