တနင်္သာရီမြို့နယ်က အသက်တစ်နှစ်ကျော်အရွယ်ကလေးငယ်တစ်ဦး ကိုဗစ်ကြောင့် သေဆုံး

တနင်္သာရီမြို့နယ်က အသက်တစ်နှစ်ကျော်အရွယ်ကလေးငယ်တစ်ဦး ကိုဗစ်ကြောင့် သေဆုံး

ဓာတ်ပုံ - ကိုဗစ်ကူးစက်ခံရပြီးသေဆုံးခဲ့တဲ့ ကလေးငယ် အလောင်းကို သုသာန်သယ်ဆောင်လာစဉ်။

တနင်္သာရီမြိုနယ်၊ ကော့မပြင်းရွာက အသက်တစ်နှစ်ကျော်အရွယ်ကလေးငယ်တစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် မြိတ်ပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီကလေးငယ်ဟာ မြိတ်ပြည်သူ့ဆေးရုံကို မနေ့ညက ရောက်ရှိလာပြီး ကိုဗစ်ကူးစက်မှု ရှိ၊ မရှိစစ်လိုက်တဲ့အချိန် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကာ ဆေးရုံ ကုသဆောင်မှာပဲ ဆုံးပါးသွားတယ်လို့ သိရပါတယ်။

“ကလေးက မြိတ်မြို့က ဒက္ခိဏဒီပါဆေးရုံကို အရင်ရောက်လာတာပါ။ အဲဒီမှာ အရမ်းမောပြီးဖြစ်နေတော့ လက်မခံဘဲဆေးရုံကြီးကိုပို့တာ။ ကိုဗစ်တွေ့တာတော့ ဆေးရုံကြီးမှာတွေ့တာပါ။ ဆုံးတာလည်းဆေးရုံကြီးမှာဆုံးတာ“ လို့ မြိတ်ပရဟိတအသင်းတခုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးငယ်အလောင်းကိုတော့ ဒီကနေ့မနက်မှာပဲ ဒေသတွင်းပရဟိတအဖွဲ့တွေက ကလွင်သုသာန်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

အခုလ ၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ တောင်ပို့ကျေးရွာက ကိုဗစ်ကူးစက်ခံထားရတဲ့ အသက် ၇၇ နှစ်အရွယ် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ အခုနှစ်သင်္ကြန်ကာလနောက်ပိုင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ငါးဦးရှိနေပြီဖြစ်ပါတယ်။

The Tanintharyi Times