လောင်းလုံးက Non CDM ဝန်ထမ်းတွေ စစ်ကောင်စီအလိုကျလုပ်ဆောင်တာတွေ မရပ်ရင် မြို့နယ်ကနေ နှင်ထုတ်အရေးယူမယ်လို့ လောင်းလုံးPDF သတိပေး

လောင်းလုံးက Non CDM ဝန်ထမ်းတွေ စစ်ကောင်စီအလိုကျလုပ်ဆောင်တာတွေ မရပ်ရင် မြို့နယ်ကနေ နှင်ထုတ်အရေးယူမယ်လို့ လောင်းလုံးPDF သတိပေး

ပုံစာ - အခုလ ၅ရက်နေ့က လောင်းလုံးမြို့(အထက) ကျောင်းမှာ ဝန်ထမ်းတွေ သင်ပင်စိုက်ပွဲတော်ပြုလုပ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်က Non CDM ၀န်ထမ်းတွေကို စစ်ကောင်စီအလိုကျလုပ်ဆောင်တာတွေ မရပ်ခဲ့ရင် အရေးယူတာတွေ လုပ်ဆောင်တော့မယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။

မနေ့ကထုတ်ပြန်ခဲ့တဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ နောက်နှစ်ရက်အကြာ အခုလ ၉ရက်နေ့နောက်ဆုံးထားပြီး စစ်ကောင်စီအလိုကျလုပ်ဆောင်တာတွေရပ်ဖို့ သတိပေးထားပြီး၊ မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေရင် အခုလ ၁၀ ရက်နေ့ကစပြီး ပြင်းပြင်းထန်ထန်အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မြို့နယ်အတွင်းကနေ နှင်ထုတ်တာမျိုးလုပ်မှာပါ။ သူတို့ကိုက စစ်ရေးနည်းအရတော့ ကိုင်တွယ်လို့ မရဘူးပေါ့” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုအုန်းအုန်းက ပြောပါတယ်။

သတိပေးထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေတဲ့ သတင်းပေးတွေ၊ ပျူစောထီးတွေ၊ Non CDM ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ Non CDM ပညာရေး အားလုံးပါဝင်ပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကတော့ ပညာရေး Non CDMမှာ​ လက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသားတွေမပါဝင်ဘူး၊ သူတို့ကိုတော့ အရေးယူဖို့ မရှိဘူးလို့ ဆိုပါတယ်။

“ပညာရေးမှာတော့ အဓိက ဆရာ၊ ဆရာမတွေပါ။ သူတို့က ကျောင်းသားမိဘတွေကိုပါ ဖိအားပေးပြီး ကျောင်းအပ်ခိုင်းတာတွေလုပ်နေတာ” လို့ ကိုအုန်းအုန်းက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက လောင်းလုံးမြို့ပေါ်က အထက်တန်းကျောင်းတစ်ခုမှာ စာသင်ခန်းနဲ့ ဆရာ၊ ဆရာမ နားနေခန်းထဲက စာရေးကရိယာနဲ့ ဘီရိုတွေကိုဖျက်ဆီးပြီး နံရံနဲ့သင်ပုန်းမှာ ကျောင်းတက်နေသူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်တဲ့စာကို တစ်စုံတစ်ယောက်က ရေးသားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

သင်ပုန်းပေါ်မှာ ရေးသားထားတဲ့စာမှာ “ငါက PDF ရှင်းတယ်နော်။ ကျောင်းတက်နေသောကလေးများ ကိုယ့်အသိနဲ့ကိုယ်နဲ့ အေးအေးဆေးဆေးနေကြပါ။ တားလို့မရက PDF တာဝန်သာဖြစ်စေသည်။ သုတ်သင်မည် PDF” လို့ ရေးသားထားပါတယ်။

လောင်းလုံးမြို့နယ်မှာအခြေစိုက်လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့စလုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ အဆိုပါ ဖြစ်စဉ်ကို သူတို့ လုပ်ဆောင်တာမဟုတ်ဘူးလို့ ပြောပါတယ်။

လောင်းလုံးမြို့နယ် လဝကရုံးကို တိုက်ခိုက်ခဲ့တဲ့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကလည်း “ကျနော်တို့အနေနဲ့ အဲဒီလိုလုပ်ဆောင်တာမျိုး မရှိပါဘူးဗျ” လို့ အတည်ပြုပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကလည်း “ကျနော်တို့ ရဲဘော်တွေ အဲဒီလိုမလုပ်ထားပါဘူး။ မြို့ပေါ်ကိုသွားဖို့ကလည်း အဲလောက်မလွယ်ကူ ပါဘူးဗျ။ ရေးထားတဲ့စာတွေအရ PDFနဲ့ပြည်သူကို သွေးခွဲတာမျိုးပါ” လို့ ပြောပါတယ်။

အလားတူ DDT တပ်ရဲ့တာဝန်ရှိသူတစ်ဦးကလည်း “လောင်းလုံးမှာရှိတဲ့ DDT (တပ်ခွဲ၃) ရဲဘော်တွေ အဲလိုလုပ်ဆောင်တာမျိုး မရှိပါဘူး။ လောင်းလုံးမှာလည်းအဖွဲ့က နည်းနည်းပဲရှိတာ။ PDFဘက်ကမဟုတ်ဘူးဆိုရင် သူတို့လုပ်နေကျအတိုင်း ပုံဖျက်တာဖြစ်နိုင်တယ်။ မျက်စိနဲ့ အတပ်မမြင်ရတော့ ပြောရတော့ခက်နေတာပေါ့” လို့ပြောပါတယ်။

စစ်ကောင်စီလော်ဘီသတင်းတွေမှာတော့ အဲဒီလုပ်ဆောင်ချက်ဟာ PDF တွေကလုပ်ဆောင်ခဲ့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ကတော့ အဲဒီနေ့မနက်ပိုင်းမှာပဲ ကျောင်းအနီးက နေအိမ်တွေက လူ၆ ဦးထက်မနည်းကို ဖမ်းဆီး၊ စစ်ဆေးခဲ့ပြီး ညနေပိုင်းနဲ့ နောက်နေ့မနက်ပိုင်းမှာ အကုန်လုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

The Tanintharyi Times