တနင်္သာရီမှာ တစ်လအတွင်း လက်နက်ကြီးနဲ့မိုင်းကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
တနင်္သာရီမှာ တစ်လအတွင်း လက်နက်ကြီးနဲ့မိုင်းကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဧပြီလက စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာနဲ့ မြေမြှုပ်မိုင်းနင်းမိတာတွေကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသေဆုံးတဲ့ဖြစ်စဥ်နှစ်ခုရှိခဲ့ပြီး လောင်းလုံးမြို့ပေါ်က အဘွားအိုတစ်ဦးနဲ့ သာယာကုန်းရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာက ထင်းကောက်သွားတဲ့ သားအမိနှစ်ဦးဟာလည်း စစ်ကောင်စီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေဖြစ်တဲ့ တနင်္သာရီ၊ သရက်ချောင်း၊ ထားဝယ်၊ လောင်းလုံး၊ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့နယ်တွေက စစ်ကောင်စီတပ်ရင်းတွေဟာ အရပ်သားတွေနေထိုင်တဲ့ရွာတွေဘက်ကို နေ့စဥ်နီးပါး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ကိုယ့်အိမ်မှာ ထိုင်နေရင်းနဲ့တောင် လက်နက်ကြီးဘယ်ချိန်ကျပြီး သေမလဲဆိုတာပဲ စိုးရိမ်နေရတယ်”လို့ တနင်္သာရီမြို့နယ် လယ်တောင်ယာရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုဖြစ်စဥ်တွေအပြင် လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လအတွင်း ဒေသခံတွေ မိုင်းနင်းမိတဲ့ဖြစ်စဥ်ကတော့ ၃ ကြိမ်ရှိခဲ့ပြီး ထားဝယ်၊ သရက်ချောင်းနဲ့ တနင်္သာရီမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။
မိုင်းနင်းမိမှုဖြစ်စဥ်တွေကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
မိုင်းနင်းမိသူတွေဟာ သူတို့စားဝတ်နေရေးအတွက် ဥယျာဥ်ခြံတွေသွားကြတာနဲ့ စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်းပိတ်ဆိုမှုတွေကြောင့် တောလမ်းတွေကနေ သွားလာဝယ်ယူကြရတဲ့အချိန်တွေမှာ ဖြစ်ပွားခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“ မိုင်းရှိတယ်လို့ သိထားတဲ့နေရာတွေကို ကိုယ်သိသလောက်တော့ ရှောင်ပြီးသွားကြတယ်။ ဒါပေမဲ့လည်း ထိကြတာပါပဲ။ နေရာအတိအကျကြီး ကျနော်တို့တွေလည်း မသိနိုင်ဘူးလေ” လို့ တနင်္သာရီမြို့နယ် အနောက်မော်တုန်းရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
အခုလ ပထမတစ်ပတ်ထဲမှာလည်း ဘုတ်ပြင်းမြို့နယ်က အမျိုးသမီး ၁ ဦးနဲ့ ရေဖြူမြို့နယ်က အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တနင်္သာရီတိုင်းမှာ အခုနှစ် ပထမ လေးလတာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာနဲ့ မြေမြှုပ်မိုင်းနင်းမိတာတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၂ ဦးထက်မနည်းရှိနေပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၄ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။
ဒီအချက်အလက်တွေဟာ တနင်္သာရီတိုင်းမ်သတင်းဌာနက လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။
The Tanintharyi Times
