ပုလောမှာ PDFအလံတိုင်လာဖြုတ်တဲ့ စစ်ကောင်စီတပ်မိုင်းထိပြီး ထိခိုက်ကျဆုံးမှုများ

ပုလောမှာ PDFအလံတိုင်လာဖြုတ်တဲ့ စစ်ကောင်စီတပ်မိုင်းထိပြီး ထိခိုက်ကျဆုံးမှုများ

ပုလောမြို့နယ်မှာ၊ ပဝတ်ကုန်းကျေးရွာမှာ PDF တွေ ထောင်ထားတဲ့အလံကို စစ်ကောင်စီတပ်သားတွေလာရောက်သိမ်းယူချိန် မိုင်းထိပြီး အထိအခိုက်များပြားခဲ့တယ်လို့ ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။

မင်းထိန်ရွာဘက်ကနေ စစ်ကြောင်းနဲ့တက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။

“မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာပါ။ မင်းထိန်ရွာဘက်ကနေတက်တက်ချင်း တိုက်မိုင်းထိတာ” လို့ပုလောမြိုနယ်ကပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပါတယ်။

အဲဒီနောက် ပဝတ်ကုန်းရွာထဲကိုဝင်လာပြီး ရွာထဲမှာ စစ်ကောင်စီတပ်သားတွေတပ်စွဲဖူးတဲ့ ဘုန်းကြီးကျောင်းကုန်း(စခန်းကုန်း)မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုက်ထူထားတဲ့ အလံကိုလာရောက်ဖြုတ်ယူချိန် ညနေ ၃ နာရီလောက်မှာလည်း ဒုတိယအကြိမ် မိုင်းဆွဲခံခဲ့ရတယ်လို့သိရပါတယ်။

“ပဝတ်ကုန်းမှာကသူတို့တပ်ဆုတ်ထားတုန်း ကျနော်တို့ဘက်က PDF အလံတိုင်သွားစိုက်ထားတယ်။ ပြီးတော့ ပတ်ပတ်လည်မှာမိုင်းထောင်ခဲ့တယ်။ သူတို့လာဖြုတ်တော့ အဲဒီမိုင်းတွေထိတာပဲ” မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုင်းဆွဲခံရမှုနှစ်ကြိမ်အတွင်းမှာ ဒဏ်ရာရှိသူ ၁၄ ဦးခန့်ရှိပြီး သေဆုံးအရေအတွက်ကိုတော့အတည်မပြုရသေးဘူးလို့ဆိုပါတယ်။ အဲဒီဒဏ်ရာရအရေအတွက်ကိုတော့ အတွင်းသတင်းကတဆင့်သိရတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကဆိုပါတယ်။

မိုင်းထိပြီးချိန်ကစပြီး ညနေ ၅ နာရီလောက်အထိ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

“ပစ်တာတော့ မိုင်းထိတဲ့နှစ်ကြိမ်စလုံးပဲ။ ဒုတိယအကြိမ်ဆို ပစ်သံတွေကြမ်းလွန်းလို့တိုက်ပွဲဖြစ်နေတယ်တောင်ထင်တာ။ တကယ်တမ်း သူတို့တဖက်တည်း ပစ်နေကြတာ။ အတွဲလိုက်ပစ်တာတွေရောပဲ” လို့ပြန်ကြားရေးတာဝန်ခံကဆက်ပြောပါတယ်။

ပုဝတ်ကုန်းရွာမှာတော့ ဒေသခံတွေအရင်ကတည်းကစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

လက်ရှိပုလောမြို့နယ်အတွင်းမှာ ပလမြို့အပါအဝင်ကျေးရွာ ၁၅ ရွာလောက်က နေအိမ်တွေမှာမနေရဲဘဲရွေ့ပြောင်းနေထိုင်သူနဲ့ စစ်ဘေးရှောင်စုစုပေါင်း နှစ်သောင်းခွဲထက်မနည်းရှိတယ်လို့ သိရပါတယ်။

The Tanintharyi Times