တနင်္သာရီမှာ စစ်ကောင်စီတပ်တွေသိမ်းခဲ့တဲ့ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းကို တစ်ရက်အကြာမှာ ပြန်သိမ်းပိုက်

တနင်္သာရီမှာ စစ်ကောင်စီတပ်တွေသိမ်းခဲ့တဲ့ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းကို တစ်ရက်အကြာမှာ ပြန်သိမ်းပိုက်

ဓာတ်ပုံ - KTLA-tcjf-Tanintharyi

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ရေဖြူကျေးရွာ ဘုရားတောင်အနီးမှာရှိတဲ့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းရဲ့ ယာယီစခန်းကို စစ်ကောင်စီတပ်တွေ သိမ်းယူခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခုလ ၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ရေဖြူကျေးရွာဘုရားတောင်ထက်မြင့်တဲ့ မျက်နှာချင်းဆိုင်က တောင်ပေါ်ကနေ အင်အား ၄၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဒရုန်းနှစ်စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ SBA စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီ ဆီကသိရပါတယ်။

ဒရုန်းနှစ်စီးနဲ့ ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ SBA စစ်ကြောင်းရဲ့ယာယီစခန်းကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်နာရီနဲ့နာရီဝက် ကြာခဲ့တယ်လို့ ကိုစိုင်းညီက ပြောပါတယ်။

“သူတို့ကဝိုင်းပြီးလာတာ တစ်ခြမ်းကပ်လာတာမဟုတ်ဘူး။ အဲဒီကြားထဲကနေပြီး အပေါ်မှာရှိနေတဲ့ အဝိုင်းခံရတဲ့အဖွဲ့က ဖောက်ထွက်တယ်တယ်။ ပြီးတော့ ကျနော်တို့ အဲဒီစစ်‌‌​ေ-ွး တွေကို တစ်ထပ်ပြန်ဝိုင်းတယ်။ အဲဒီအချိန်မှာ အဝိုင်းခံရတဲ့အဖွဲ့က ပြန်ပြီးလွတ်လာတယ်ပေါ့နော်။” လို့ SBA စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။

SBA စစ်ကြောင်းပိုင် ရိုင်ဖယ်ကျည် ၇၀ ခန့်၊ AK ကျည် ၇၀ ခန့်၊ ကိုးလုံးကျည် ၁၅၀ ခန့်၊ စကားပြောစက်တစ်လုံး၊ ရိုင်ဖယ် ၁ လက် တို့ကိုလည်းစစ်ကောင်စီက သိမ်းယူခဲ့တယ်လို့ ကိုစိုင်းညီဆီက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးကျဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး SBA စစ်ကြောင်းဘက်ကလည်း ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုစိုင်းညီက ဆိုပါတယ်။

အခုလ ၅ ရက်နေ့ မနက်ပိုင်းက သိမ်းခံရတဲ့ ယာယီစခန်းနေရာကို နောက်တစ်နေ့မနက် ၁၀ နာရီခန့်မှာ SBA စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ပြီးသိမ်းယူနိုင်ခဲ့တယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းကနေ သိရပါတယ်။

“စစ်‌ေ-ွးတွေကတော့ ဆုတ်သွားပြီ။ ကျနော်တို့အခုပြန်ထိုင်ထားနိုင်ပြီ ပြန်ရလိုက်ပြီ။ လောလောဆယ် ရေဖြူရွာရဲ့စစ်ရေးကတော့ တင်းမာတဲ့အခြေအနေမျိုးတော့မဟုတ်တော့ဘူး။” လို့ ကိုစိုင်းညီက ပြောပါတယ်။

စခန်းကနေပြန်ဆုတ်သွားတဲ့ အင်အား ၇၀ ခန့်ရှိတဲ့စစ်ကောင်စီတပ်တွေဟာ တမုတ်ချုံးကျေးရွာဘက်ကနေ တနင်္သာရီမြို့ဘက်ကို စစ်ကြောင်းထိုးတက်သွားပြီး စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရေဖြူကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။

The Tanintharyi Times