စစ်ရေးတင်းမာမှုကြောင့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်

စစ်ရေးတင်းမာမှုကြောင့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်

စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတာကြောင့် တနင်္သာရီမြို့နယ်ထဲက ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ဒီကနေ့ကစပြီး ကော်သူးလေတပ်မတော်ဘက်က ဖြတ်သန်းခွင့်ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေးစစ်ဖြစ်လာနိုင်တဲ့အတွက် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ဖြတ်သန်းခွင့်ပိတ်မယ့်အကြောင်း အခုလ ၄ ရက်နေ့ရက်စွဲနဲ့ ကော်သူးလေတပ်မတော် (KTLA) ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်အတိုင်း တနင်္သာရီမြို့နယ်၊ ထုံခါရွာနဲ့ မောတောင်မြို့ အုပ်ချုပ်ရေးရုံးအနီးမှာရှိတဲ့ ကော်သူးလေတပ်မတော်စစ်ဆေးရေးဂိတ်တွေက ဒီကနေ့မနက်မှာ ပိတ်ခဲ့တာပါ။

“တကယ်ပဲ ပိတ်ချလိုက်တာပါ။ ထုတ်ပြန်ထားတာမသိတဲ့သူတွေကတော့ အတက်၊ အဆင်း ပိတ်မိနေတာပေါ့။ ဘယ်လိုဆက်လုပ်ကြမယ်တော့မသိသေးဘူး။” လို့ မောတောင်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကော်သူးလေတပ်မတော်ဘက်ကတော့ ထုံခါ-မောတောင်နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းဖြတ်သန်းခွင့် ပေးမယ့်အချိန်ကို ထပ်ပြီးအသိပေးမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

မောတောင်မြို့အတွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က မြို့ပြင်မှာအခြေချလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေကို သုံးရက်အတွင်း လက်ရှိရှိနေတဲ့နေရာကဆုတ်ခွာဖို့နဲ့ မဆုတ်ခွာပါက စစ်ရေးအရ အရေးယူတုံ့ပြန်မယ့်အကြောင်း အခုလ ၃ ရက်နေ့မှာ ခြိမ်းခြောက်အကြောင်းကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအပေါ် ဆုတ်ခွာပေးမှာမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ပြီး တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အချိန်မရွေးစစ်ဖြစ်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

စစ်ဖြစ်လာရင် နှစ်ဖက်တိုက်ပွဲတွေကြား ပြည်သူတွေထိခိုက်လာနိုင်တဲ့အတွက် ထုံခါ-မောတောင်လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်တွေကို ဆုတ်ခွာဖို့ အကြောင်းကြားခဲ့တဲ့နေ့ မတိုင်ခင်မှာပဲ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့ မောတောင်မြို့ခံတွေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရသိရပါတယ်။

မောတောင်မြို့ပြင် ဘော်လုံးကွင်းဘေးက ဘုရားတောင်ပေါ်မှာ လက်နက်ကြီးအထိုင်ချထားပြီး စကစတပ်သား၊ ပျူနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က အတင်းအဓမ္မခေါ်ယူ စစ်သင်တန်းပေးခဲ့တဲ့ ကုန်တင်ကုန်ချလုပ်သားတွေကိုပါ ဘုရားတောင်ပေါ်ကို ပို့ထားတယ်လို့ မောတောင်မြို့ခံ တွေကဆိုပါတယ်။

အခုလိုနှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် နယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့က မြို့ခံအများစုကတော့ ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ထိုင်းနယ်စပ်နဲ့ မြိတ်မြို့တွေဘက်ကို အသီးသီးစစ်ရှောင်ကုန်ကြပြီ ဖြစ်တယ်လို့ မောတောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ စစ်ရေးအခြေနေက လုံးဝမဟန်တော့ လူအတော်များများရှောင်ကုန်ကြပြီ။ ပြီးတော့ မြို့ပေါ်မှာ ဖုန်းလိုင်းကလည်း ရတချက် မရတချက်ဖြစ်နေတယ်” လို့ မြို့ခံအမျိုးသမီးက ဆိုပါတယ်။

ဒီကနေ့မှာတော့ ထုံခါ-မောတောင်လမ်းကိုပိတ်ချလိုက်ပြီဖြစ်တာကြောင့် ကျန်ရှိနေသေးတဲ့ မောတောင်မြို့ခံတွေအနေနဲ့ မြိတ်မြို့ဘက်ကို တိမ်းရှောင်ဖို့မဖြစ်နိုင်တော့ဘူးလို့လည်း သူကဆက်ပြောပါတယ်။

ထုံခါ-မောတောင်လမ်းပိုင်းကို တိုက်ပွဲဖြစ်တဲ့အချိန်တိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေက မကြာခဏ ပိတ်ချလေ့ရှိပါတယ်။

The Tanintharyi Times