ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားအချို့ ထောင်ဒဏ် နှစ်၂၀ စီ ထပ်တိုးအမိန့်ချခံရ

ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားအချို့ ထောင်ဒဏ် နှစ်၂၀ စီ ထပ်တိုးအမိန့်ချခံရ

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားအချို့ကို စစ်ကောင်စီတရားရုံးက ထပ်တိုးထောင်ဒဏ် နှစ် ၂၀စီ မနေ့က ချမှတ်ခဲ့ပါတယ်။

ထပ်တိုးထောင်ဒဏ် ချမှတ်ခံရသူတွေထဲမှာ ကိုထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမြတ်ကျော်သူနဲ့ ကိုမင်းဆက်မှုး တို့လေးယောက်တို့ ပါဝင်ပါတယ်။

အဲဒီလို အနှစ် ၂၀စီထပ်ချမှတ်လိုက်တာကြောင့် ကိုထွန်းဦးက စုစုပေါင်းထောင်ဒဏ် ၄၆ နှစ်၊ ကိုရာဇာထွန်း စုစုပေါင်းထောင်ဒဏ် ၄၁ နှစ်၊ ကိုမြတ်ကျော်သူ စုစုပေါင်းထောင်ဒဏ် ၂၉ နှစ် နဲ့ ကိုမင်းဆက်မှုး စုစုပေါင်းထောင်ဒဏ် ၂၈ နှစ် အထိရှိသွားပြီဖြစ်ပါတယ်။

သူတို့လေးယောက်ကို စစ်ကောင်စီရဲ့ထားဝယ်ခရိုင်တရားရုံးက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ – ည၊ ပုဒ်မ ၅၄ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂ တွေနဲ့ အခုလို ထပ်တိုးအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ကိုထွန်းဦးကလွဲဲပြီးကျန်တဲ့ ၃ယောက်က နောက်ထပ်ပုဒ်မတွေအတွက်လည်း ဆက်လက် တရားရင်ဆိုင်ရ ဦးမှာပါ။

ထပ်တိုးအမိန့်ချခံရတဲ့အကျဉ်းသားတစ်ဦးရဲ့မိသားစုဝင်တစ်ဦးကတော့ ” ကျွန်မတို့ကတော့ဘယ်လိုမှ မခံစားရဘူး။ အခုထပ်တိုးတဲ့ ၁၀ နှစ်၊ အနှစ်၂၀ ဆိုတာ ကိန်းဂဏန်းလောက်ပဲ။ ဒါဟာ ဆယ်ရက်၊ ရက်နှစ်ဆယ်လည်းဖြစ်သွားနိုင်တာပဲလေ။ သူတို့မကြာခင်ပြန်လွတ်လာမယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်အဝရှိတယ်” လို့ ပြောပါတယ်။

ထားဝယ်ထောင်ထဲမှာ ရှိနေတဲ့ နောက်ထပ် နိုင်ငံရေးအကျဥ်းသား ၆ ဦးဟာလည်း ထောင်ဒဏ် ၁၀နှစ်စီထပ်တိုးပြစ်ဒဏ် အနေနဲ့ မနေ့က အမိန့်ချမှတ်ခံခဲ့ရပါတယ်။

အဲဒီလိုထပ်တိုးခံလိုက်ရတာကြောင့် အရင်ကထောင်ဒဏ် ၂၁နှစ်အမိန့်ချခံထားရတဲ့ ကိုစိုင်းမင်းသူဟာ ထောင်ဒဏ် ၃၁ နှစ်ဖြစ်လာပြီး အရင်ကထောင်ဒဏ် ၉နှစ်ကျခံထားရတဲ့ ကိုသက်ပိုင်ဦးကတော့ ထောင်ဒဏ် ၁၉ နှစ်ဖြစ်လာခဲ့ပါတယ်။

အရင်ကထောင်ဒဏ် ၃နှစ်စီအမိန့်ချခံထားရတဲ့ ကိုဆောင်းယုထွန်းနဲ့ ကိုလင်းထက်ကိုကို တို့နှစ်ယောက်ဟာ စုစုပေါင်းထောင်ဒဏ် ၁၃နှစ်ဖြစ်လာပြီး အရင်က ၂နှစ်စီအမိန့်ချမှတ်ခံထားရတဲ့ ကိုအောင်အောင်လတ်နဲ့ ကိုအောင်အောင်တို့နှစ်ယောက်ဟာလည်း လက်ရှိမှာ ထောင်ဒဏ် ၁၂ နှစ်ဖြစ်သွားခဲ့ပါပြီ။

နွေဦးတော်လှန်ရေးကာလအတွင်း ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားတွေကိုချမှတ်ခဲ့တဲ့အမြင့်ဆုံးထောင်ဒဏ်ဟာ ထောင်ဒဏ်တသက်ဖြစ်ပြီး သောကြာပြင်ရွာသားနှစ်ဦးဖြစ်တဲ့ ကိုစောရွေနဲ့ ကိုစိုးမင်းထွေးတို့ကျခံနေရတာပါ။

ထားဝယ်အကျဥ်းထောင်မှာ စက်တင်ဘာလအထိ နိုင်ငံရေးပုဒ်မတွေနဲ့အမိန့်ချမှတ်ခံထားရသူ အမျိုးသား ၂၀၀ ကျော်နဲ့ အမျိုးသမီး ၅၀ ကျော်ရှိပြီလို့ ထားဝယ်နိုင်ကျဥ်းများကွန်ရက်အဖွဲ့ထံက သိရပါတယ်။