မြန်မာ့အကျပ်အတည်းကို အပြီးသတ်ဖြေရှင်းနိုင်ရေး G20 က လုပ်ဆောင်ပေးဖို့ NUG တောင်းဆို

မြန်မာ့အကျပ်အတည်းကို အပြီးသတ်ဖြေရှင်းနိုင်ရေး G20 က လုပ်ဆောင်ပေးဖို့ NUG တောင်းဆို

ပုံစာ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၁၈ ခုနှစ်က နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ကြစဉ်။

မြန်မာ့အကျပ်အတည်းကို တချီတည်း အပြီးသတ် ဖြေရှင်းနိုင်ဖို့အတွက် G20 အဖွဲ့က လုပ်ဆောင်ပေးဖို့ အချက် ၅ ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေတာတွေကို အဆုံးသတ်ဖို့၊ စစ်တပ်ဆီ ဝင်ငွေအရင်းအမြစ် ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ နယ်စပ်ဖြတ်ကျော်အုပ်ချုပ်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုကိစ္စတွေကို NUG၊ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ဖို့၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဖြေရှင်းရန်အတွက် NUG နဲ့ မိတ်ဖက်အဖွဲ့အစည်းများကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေး အကူအညီတွေ ပေးဖို့ စတဲ့ ဒီအချက် ၅ ချက်ကို G20 အဖွဲ့ဆီ တောင်းဆိုတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်း နိုင်ငံတွင်း စစ်ရှောင်ဒုက္ခသည် တစ်သိန်းအထိ ထပ်မံတိုးမြှင့်လာပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအဆင့်ဟာ အာရှရှိ အခြားနိုင်ငံတွေထက် ပိုမြင့်မားနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

UN OHCHR ရဲ့ အစီရင်ခံစာအရ ၄၆ နိုင်ငံက လူပေါင်း ၁၂၀,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ အတင်းအဓမ္မစေခိုင်းခြင်းခံနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူတို့တွေဟာ အွန်လိုင်းလိမ်လည်မှုကို ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ခံနေရပါတယ်။

ဒီရာဇဝတ်မှု ရိုက်ခတ်တဲ့ဒဏ်တွေကို G20 အဖွဲ့ဝင်နိုင်ငံတွေက အများဆုံးခံနေရပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေရသလို ဒီရာဇဝတ်မှုတွေဟာ မြန်မာစစ်တပ်က တိုက်ရိုက်ပတ်သက်နေတယ်လို့ NUG က ထောက်ပြထားပါတယ်။

မြန်မာ့အကျပ်အတည်းဟာ အရှေ့တောင်အာရှရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဒါကို ဖြေရှင်းဖို့ ပျက်ကွက်နေတဲ့ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းအောင် ပြုလုပ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအခြေအနေတွေမှာ နယ်စပ်ဒေသ စီးပွားရေးဖွံ့ဖြိုးမှုတွေကို မြန်မာအပေါ်မှီခိုနေရတဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကိုလည်း ထိခိုက်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာစစ်တပ် တိုက်ရိုက်ပတ်သက်နေတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကမ္ဘာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် G20 အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ G20 စက်မှုထိပ်သီးအစည်းအဝေးကို အခုလ ၉ရက်နဲ့ ၁၀ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

The Tanintharyi Times