ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် စာသင်ကျောင်းတွေကို ယာယီ ပိတ်ထား
ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် စာသင်ကျောင်းတွေကို ယာယီ ပိတ်ထား
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ် ၅ ရက်နေ့ နေ့လည်က အဏ္ဏဝါရပ်ကွက်မှာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စာသင်ကျောင်းတွေကိုယာယီပိတ်ထားလိုက်တယ်လို့ မြို့ခံတချို့ကပြောပါတယ်။
အဏ္ဏဝါရပ်ကွက်မှာရှိတဲ့ BOC (ဆီဆိုင်) အနားတစ်ဝိုက် အရပ်ဝတ်နဲ့ ကင်းလှည့်ဖို့လာ တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ရေးဘီလူးအဖွဲ့ အထင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံပြည်သူတွေနဲ့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားဘီး တွေပျက်စီးသွားတာကလွဲပြီး ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပြောဆိုပါတယ်။
ဒီပစ်ခတ်မှုမဖြစ်မီ ရေးဘီလူးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ” ရေးမြို့ မိုးရေထဲမှာ ကင်းပုန်းဝတ်နေတဲ့ စခ/ရခ ရှင်လျှက်နဲ့ခံနေရတဲ့ ဝဋ်ကြွေးတစ်ခုပဲ ” ဆိုတဲ့ စာသားပို့စ်တစ်ခုတင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုပါတယ်။
ဒီပို့စ်တင်ပြီးအချိန်ခဏအတွင်းမှာ အရပ်ဝတ်စစ်သားတွေနဲ့ရဲတွေအချင်းချင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်။
” ကျွန်တော်တို့က ဒီလိုရည်ရွယ်ပြီးပဲ ပို့စ်တင်ခဲ့တာဗျ” လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က တနင်္သာရီတိုင်းမ် ကိုပြောပါတယ်။
စစ်သားနဲ့ရဲတွေအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အဏ္ဏဝါရပ်ကွက်မှာ ရှိတဲ့ အ.လ.က ၁ မှာ ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုမိဘတွေကချက်ချင်းပြန်လာခေါ်ခဲ့ကြပြီး ရေးမြို့နယ်တစ်ခုလုံးက ကျောင်းတွေမှာလည်း ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒီပစ်ခတ်မှုကြောင့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမ တွေ စိုးရိမ်ထိတ်လန့်နေပြီး လုံခြုံရေးအရ ကျောင်းကိုနှစ်ပတ်ပိတ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
သြဂုတ် ၅ ရက်နေ့မှာပဲ ရေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရေးမြို့နယ်အတွင်းက လမ်းတွေကို ဖြတ်သန်းခွင့်ကန့်သတ်လိုက်တယ်ဆိုတဲ့အချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်မပါဝင်ဘဲ နယ်မြေကျူးကျော်ခြင်း မပြုရ စတဲ့အချက်တွေပါဝင်တဲ့ ဒေသန္တရ အမိန့်စာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
ရေးမြို့နယ်မှာ သြဂုတ် ၃ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့က လဝကရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လဝကမှူးနဲ့ ဒုလဝကမှူးအပါအဝင် စုစုပေါင်း သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
