“မြန်မာစစ်အုပ်စုနဲ့ ကျောထောက်နောက်ခံ အာဏာရှင်နိုင်ငံများ”
“မြန်မာစစ်အုပ်စုနဲ့ ကျောထောက်နောက်ခံ အာဏာရှင်နိုင်ငံများ”
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့အထိ မြန်မာစစ်တပ်ဟာ အပေါင်းအပါ အာဏာရှင် နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ပြည့်ပြည့်စုံစုံ လက်ခံရရှိနေပြီး အတိုက်အခံ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ကတော့ အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ပံ့ပိုးကူညီမှုတွေကို ထိထိရောက်ရောက် မရရှိသေးပါဘူး။
NUG လိုပဲ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပေါ်မှာလည်း အနောက်အစိုးရတွေရဲ့ သဘောထားက အတူတူပဲ ဖြစ်နေပါတယ်။
နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မြန်မာ့ အာဏာသိမ်းစစ်တပ်ကမှ သူတို့ရဲ့ မိတ်ဖက် အာဏာရှင်တွေဆီက အထောက်အပံ့ကို အမြဲမပြတ် ရရှိနေပါသေးတယ်။
ဧပြီလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံအရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခြင်းက စစ်အုပ်စုရဲ့ ဖိနှိပ်ရေး လှုပ်ရှားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုပြီး ပြင်းထန်ရက်စက်လာတာကို ပြသနေပါတယ်။
ပြည်သူ ၁၅၀ ကျော်ကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ အရှေ့တောင်အာရှရဲ့ အရက်စက်ဆုံး စစ်အုပ်ချုပ်ရေး လက်အောက်မှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု တစ်ခုအနေနဲ့ သတ်မှတ်ခံထားရပါတယ်။
မြန်မာ့တောင်တန်းနဲ့ နယ်စပ်ဒေသတွေမှာတော့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း (EAOs) ကို စစ်တပ်က ပြင်းပြင်းထန်ထန် ဖိနှိပ်တိုက်ခိုက်ခဲ့တာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါတယ်။
အခုလို စစ်အုပ်စုက ခံနိုင်ရည်အား ပိုမို တောင့်တင်းနေပြီး NUG က အကူအညီမဲ့နေခြင်းမျိုးဟာ လက်ရှိပဋိပက္ခတွေကို ပြည်တွင်းအား သတ်သတ်နဲ့ ဖြေရှင်းပြီး ထွက်လာတဲ့ ရလဒ်ဆိုတာ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ပါဘူး။
မြန်မာပြည်အရေးမှာ အပြောင်းအလဲ ကြီးကြီးမားမားတွေကို နိုင်ငံတကာအဆင့် ဝင်ရောက်ပုံဖော်နေတဲ့ နောက်ကွယ်က လက်တွေရှိနေပါတယ်။
အာဏာရှင်လက်သစ် အစုအဖွဲ့ “neo-authoritarian bloc” တစ်ခု ပေါ်ပေါက်တယ်လို့တောင် ဆိုနိုင်ပါလိမ့်မယ်။
ဒီအဖွဲ့မှာ အဓိက ပါဝင်တဲ့ နိုင်ငံကြီးတွေကတော့ တရုတ်၊ ရုရှား၊ အီရန် တို့ ဖြစ်ပြီး မြောက်ကိုရီးယား၊ ဘီလာရုစ်၊ မြန်မာနိုင်ငံတို့လို နိုင်ငံငယ်တွေလည်း ထည့်သွင်းနိုင်ပါတယ်။ ဒီလို အစုအဖွဲ့က အသစ်ဖြစ်တာကြောင့် “ခေတ်သစ် အာဏာရှင် အစုအဖွဲ့” လို့ ခေါ်ဝေါ်သုံးစွဲပါ့မယ်။
သူတို့က တရားဝင် ဖွဲ့ထားတဲ့ အုပ်စုတစ်စု မဟုတ်ပေမဲ့ ကိုယ်ကျိုးစီးပွားကို အာသာငမ်းငမ်း ထိန်းသိမ်းလိုမှု၊ အိမ်နီးချင်းနိုင်ငံတွေကို လွှမ်းမိုးမှု နဲ့ ပြိုင်ဖက် အနောက် နိုင်ငံတွေကို အခိုင်အမာ လက်တုံ့ပြန် အနိုင်ယူလိုမှု စတဲ့အချက်တွေမှာ တူညီတဲ့ သဘောထား အမြင်တွေရှိနေပြီး မကြာသေးခင် နှစ်တွေအတွင်း သူတို့အချင်းချင်း လက်တွဲဆောင်ရွက်မှုတွေကို သိသိသာသာ တိုးမြှင့်လာတာကို တွေ့မြင်ရပါတယ်။
မနှစ်က ယူကရိန်းကို ကျူးကျော်စစ် စတင်ခါနီးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က “အနာဂတ်မှာ တရုတ်-ရုရှား အကန့်အသတ်မရှိ မိတ်ဖက် ဆက်ဆံရေး ထူထောင်မယ်” လို့ ကြေညာခဲ့ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင် လက်ရှိ ဆယ်စုနှစ် အစပိုင်းကတည်းက အာဏာရှင်နိုင်ငံတွေက အာဏာပါဝါကို အစွမ်းကုန် ထုတ်သုံးလာကြပြီး သူတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘုံရည်မှန်းချက်တွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးချဲ့လာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးမီက ဆော်ဒီအာရေးဗီးယားနဲ့ အီရန် တို့အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ပေးသူအဖြစ် တရုတ်ရဲ့ အခန်းကဏ္ဍ၊ ယူကရိန်းစစ်ပွဲအတွက် အီရန်က ဒရုန်းတွေကို ရုရှားအတွက် ရောင်းချပေးခြင်း အပါအဝင် အီရန်ကို တရုတ်ရဲ့ AI စနစ်သုံး ထောက်လှမ်းရေးနည်းပညာ ရောင်းချခြင်း စတာတွေဟာ အာဏာရှင်အဖွဲ့တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ပံ့ကူညီမှုနဲ့ အပြန်အလှန်ချိတ်ဆက်နိုင်မှုတွေ လျင်လျင်မြန်မြန် အားကောင်းလာတယ်ဆိုတာ ပြသနေပါတယ်။
မြန်မာစစ်အုပ်စု အနေနဲ့လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အချိန်ကစလို့ တရုတ်၊ ရုရှား၊ အီရန်တို့နဲ့ ပိုမို နီးကပ်လာခဲ့ပါတယ်။ အခုလို အာဏာရှင်အဖွဲ့နဲ့ ချိတ်ဆက်နိုင်မှုက မြန်မာစစ်တပ် အတွက် အာဏာဆက်လက်တည်မြဲဖို့ မရှိမဖြစ် လုပ်ဆောင်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။
သံတမန်ရေးရာ ပံ့ပိုးကူညီမှုအပြင် တရုတ်ဟာ ခေတ်မီထောက်လှမ်းရေး ကိရိယာတွေနဲ့ “ရွှေမီးတံတိုင်း” (golden firewall) တည်ဆောက်ရာမှာ လိုအပ်တဲ့ နည်းပညာရှင်တွေကိုပါ စစ်အုပ်စုကို ထောက်ပံ့ပေးထားသလို စစ်တပ်ရဲ့ သစ္စာတော်ခံ မြန်မာနိုင်ငံသားတွေကို ထောက်လှမ်းစုံစမ်းရေး နည်းလမ်းအသွယ်သွယ် လေ့ကျင့်သင်ကြားပေးနေပါတယ်။
၂၀၂၂ ခုနှစ်က ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်မှာ တရုတ်က မြန်မာစစ်အုပ်စုကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသတွေက EAOs တွေနဲ့လည်း တရုတ်က ပူးပေါင်းဆောင်ရွက်နေတာကြောင့် တရုတ်နဲ့ မြန်မာတို့ဟာ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ ယူဆနိုင်ပါသေးတယ်။
ဒီနေရာမှာ အာဏာသိမ်းပြီးကတည်းက လူသိရှင်ကြား ပံ့ပိုးကူညီနေတာတွေကို သက်သေထားကာ ပေကျင်းအစိုးရက မြန်မာစစ်တပ်ဘက်ကနေ အခိုင်အမာရပ်တည်သွားဖို့ ပိုအားသန်တယ်လို့ အများစုက သုံးသပ်ကြပါတယ်။
အလားတူပဲ ရုရှားကလည်း မြန်မာစစ်တပ်ကို အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ စစ်လက်နက်တွေ ထောက်ပံ့နေဆဲဖြစ်သလို မနှစ်က ဒီဇင်ဘာလအတွင်း ရုရှားစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အများအပြား မြန်မာကို လာရောက်လည်ပတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေချိန်အတွင်း လက်နက် အများအပြား ထောက်ပံ့ပေးဖို့ မဖြစ်နိုင်တော့ချိန်မှာတောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှား ရဲ့ ဗီတိုအာဏာက NUG ကို ထောက်ခံတဲ့မဲမှန်သမျှကို ပယ်ချပစ်နိုင်ပါသေးတယ်။
ဒါ့အပြင် ရုရှားဟာ စစ်တပ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများ ထောက်ပံ့ပေးထားပြီး နျူကလီးယား စွမ်းအင် စီမံကိန်းအတွက် အတူပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူဆရပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာ တစ်စောင်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမို များပြားလာတာကြောင့် ရုရှားက မြန်မာနိုင်ငံက တဆင့် တရုတ်ကို ရေနံစိမ်း တင်ပို့နေကြောင်း ဖော်ပြထားပါသေးတယ်။
ပညာရှင်တချို့က မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့ နိုင်ငံတွေထဲမှာ အီရန်လည်း ပါဝင်တယ်လို့ ယူဆကြပါတယ်။ ၂၀၂၁ နောက်ပိုင်းကာလတွေနဲ့ ၂၀၂၁ ခုနှစ်တွေမှာ အီရန်စစ်အာဏာရှင်တွေက မြန်မာနိုင်ငံကို အခေါက်ခေါက်အခါခါ လာရောက်ခဲ့ပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ရုရှား၊ တရုတ်တို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အစွမ်းကုန် တိုးမြှင့်လာပါတယ်။ မြန်မာနိုင်ငံလိုပဲ အီရန်ကလည်း တရုတ်နဲ့ ရုရှားတို့ရဲ့ အကူအညီတွေ ရယူပြီး သူ့ကိုယ်ပိုင် အင်တာနက် တည်ထောင်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
အလားတူပဲ မြောက်ကိုရီးယားဟာလည်း အရင်က မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့ဖူးသလို နျူကလီးယားဆိုင်ရာ ကိစ္စရပ်တွေမှာ စစ်အုပ်စုနဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းမှုနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အပေါ် အာဆီယံရဲ့ တုံ့ပြန်မှုကလည်း ရှုပ်ထွေးနေဆဲပါပဲ။ အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် တို့က စစ်အုပ်စုကို သိသိသာသာထောက်ခံနေပေမယ့် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကတော့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ သေချာတာကတော့ အာဆီယံအဖွဲ့ဝင် အာဏာရှင်နိုင်ငံ အားလုံးဟာ တရုတ်၊ ရုရှား နှစ်နိုင်ငံစလုံးနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ထားပါတယ်။
မကြာသေးခင်က နိုင်ငံခြားဆက်ဆံရေးကောင်စီ Council on Foreign Relations ရဲ့ အစီရင်ခံတစ်ခုမှာ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံရဲ့ တုံ့ပြန်မှုက လုံးဝ အလုပ်မဖြစ်တဲ့ “ကျရှုံးမှု” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာနဲ့ ပတ်သက်ပြီး “မူဝါဒ ငါးရပ်” ကို အကောင်အထည်ဖော်ကြဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။
လက်မှတ်ထိုးပြီး နှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာစစ်အုပ်စုဘက်က ဒီသဘောတူညီချက်တွေကို ဘာတစ်ခုမှ လုပ်ဆောင်ပေးခဲ့ခြင်း မရှိပါဘူး။ အဲဒီ့အပေါ်မှာ အာဆီယံအနေနဲ့ ထိရောက်တဲ့ အရေးယူမှုလည်း လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နောက်ထပ် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်တွေ ထပ်မံချမှတ်နိုင်ဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီမှု လိုအပ်တာကြောင့် လက်ရှိမှာ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့အဖွဲ့ဝင် တစ်ဝက်တောင် မရှိတဲ့ အခြေအနေမှာ အာဆီယံက ဝင်ရောက် ကိုင်တွယ်နိုင်စွမ်း အင်မတန်နည်းပါးပါတယ်။
ဒါ့အပြင် NUG နဲ့ ASEAN တို့အကြား ဆက်ဆံရေးကလည်း ထင်သလောက် ခရီးမပေါက်သေးဘူးလို့ ပညာရှင်တချို့က ထောက်ပြထားပါတယ်။
နောက်ထပ် စဥ်းစားစရာ အချက်ကတော့ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာတဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အဆိုးရွားဆုံးနှစ်တွေထဲမှာ ပါဝင်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း ထူးထူးခြားခြား နှုတ်ဆိတ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာ့နယ်မြေ ထက်ဝက်ကျော်ကို NUG က သိမ်းထားနိုင်ပြီလို့ ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုအချိန်ထိ အနောက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကိုလည်း သိသာထင်ရှားတဲ့ ထောက်ပံ့မှုတွေ ပေးအပ်ခြင်း မရှိသေးပါဘူး။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးက သူတို့ရဲ့ အခက်အခဲကို ယူကရိန်းစစ်ပွဲနဲ့ နှိုင်းယှဥ်ပြကာ နိုင်ငံတကာအသိုက်အဝန်းဆီက လက်နက်အကူအညီတွေကို ပွင့်ပွင့်လင်းလင်း တောင်းခံထားပါတယ်။
ဒီနေရာမှာ NUG နဲ့ PDF တို့အတွက် ယူကရိန်းက ဘိုလိုဒီမာ ဇလန်စကီးလို ခေါင်းဆောင်ကောင်းတစ်ဦး မရှိနေတာ မှန်ပေမဲ့ ဒီအချက်ဟာ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို အပယ်ခံ ဖြစ်သွားစေတဲ့ အကြောင်းရင်းတစ်ချက် ဘယ်လိုမှ မဖြစ်သင့်ပါဘူး။
NUG နဲ့ နိုင်ငံခြားအစိုးရတွေအကြား တရင်းတနှီး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပလာကြတာ တွေ့ရသလို NUG အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အရှေ့မြောက်အာရှ နိုင်ငံတွေရဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေရဲ့ အတိအလင်းထောက်ခံပေးမှုတွေလည်း ရှိပါတယ်။
ဒါပေမဲ့ အားနည်းတဲ့ဘက်ကို ကျောထောက်နောက်ခံပေးရင်း တရုတ်နဲ့ ရုရှားတို့က စိတ်ကွက်မှာကို မလိုလားကြတဲ့ အစိုးရအများစုနဲ့ သံတမန်တွေဟာ NUG နဲ့ PDF တို့ကိုပဲ ဖိအားတွေ ပိုပေးလာတယ်လို့ ယူဆမိပါတယ်။
ဒါ့အပြင် ဥရောပနယ်စပ် ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲကလည်း မြန်မာ့အရေးကို အာရုံလျော့ကျစေတဲ့ အချက်တစ်ချက် ဖြစ်နေပါတယ်။
၂၀၂၃ ခုနှစ် အစောပိုင်းက အမေရိကန်အောက်လွှတ်တော်ကနေ မြန်မာနိုင်ငံ အက်ဥပဒေ (Burma Act) ကို အတည်ပြု ပေးခဲ့တာကြောင့် NUG နဲ့ PDF တို့ အတွက် မျှော်လင့်ချက် တချို့ ရရှိစေခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ဒင်အစိုးရက NUG ကို မြန်မာပြည်သူတွေရဲ့တရားဝင် အစိုးရအနေနဲ့ အသိအမှတ်မပြုခြင်းကြောင့် အခြားအနောက်နိုင်ငံတွေအနေနဲ့ အသိအမှတ်ပြုဖို့ အခက်တွေ့နေရပါတယ်။
ဒီအချက်ဟာ NUG ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်ဖို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေပါတယ်။
ဒီနေရာမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အကျပ်အတည်းကို ပထဝီနိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ရမယ့်အစား အန္တရာယ်ကြီးတဲ့ စွန့်စားမှုတစ်ခုအနေနဲ့ သုံးသပ်ကာ ပါဝင်ဖို့ လက်တွန့်နေပါတယ်။
သတင်းထောက်တစ်ဦးရဲ့ စကားကို တဆင့်ပြန်ယူသုံးစွဲရမယ်ဆိုရင် နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်မှုဆိုတာ “လုပ်ရပ်မပါတဲ့ ဒေါသထွက်ခြင်း” မူဝါဒသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်ကျော် လုံးလုံး စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတာတောင် အနောက်အုပ်စုက PDF တွေကို လက်နက်ရောင်းချပေးဖို့ ငြင်းဆန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝှမ်း “လေယာဥ်မပျံသန်းရဇုန်” တွေ သတ်မှတ်ပေးဖို့ ၊ လက်နက်ရောင်းချခြင်း ပိတ်ဆို့ဖို့ အပါအဝင် စစ်အုပ်စုကို အဆက်အသွယ်ဖြတ်တောက်ရေး မူဝါဒတွေ ချမှတ်ဖို့ ကြိုးပမ်းမှုတွေကလည်း စစ်တပ်ရဲ့ မဟာမိတ် အာဏာရှင်ကြီးတွေရဲ့ ဖိအားအောက်မှာ ဘာတစ်ခုမှ ဖြစ်မလာသေးပါဘူး။
အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ နဲ့ ဥရောပ သမဂ္ဂတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေက စစ်အုပ်စုကို စီးပွားရေး အရ အနည်းငယ် အခြေအနေ ယိမ်းယိုင်သွားစေနိုင်ပါတယ်။
ဒါပေမဲ့ ခြုံငုံကြည့်လိုက်ရင် ဒီလိုလုပ်ဆောင်မှုမျိုးလောက်နဲ့ စစ်တပ်အပေါ် ထိထိရောက်ရောက် အရေးယူနိုင်မှာ မဟုတ်ပါဘူး။
ပြင်ပအကူအညီ ရရှိနေပုံကို ယှဥ်ကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ကတော့ ခေတ်သစ်အာဏာရှင်အစုကြီးရဲ့ အဖွဲ့အဝင်တွေဆီက အကူအညီတွေ အဆက်အပြတ် ရရှိနေပါတယ်။
လောင်စာဆီ၊ စစ်လက်နက်၊ ထောက်လှမ်းရေးနည်းပညာနဲ့ သံတမန်ရေးဆိုင်ရာ ပံ့ပိုးကူညီမှု စတဲ့ အကူအညီ မျိုးစုံကို အာဏာသိမ်းပြီးကတည်းက အင်တိုက်အားတိုက် ရရှိနေပြီး လျော့ပါးသွားမယ့် အရိပ်အယောင်မျိုး လုံးဝ မပေါ်ပါဘူး။
ဒေသတွင်းမှာ ဖြစ်စေ ကမ္ဘာလုံးဆိုင်ရာမှာ ဖြစ်စေ ဒီပဋိပက္ခအပေါ် ပြင်ပ အကူအညီ ရရှိနေမှုမှာ အတိုက်အခံအင်အားစုတွေထက် စစ်တပ်က အပြတ်အသတ် သာလွန်နေပါတယ်။
ဒီလိုဖြစ်နေတာဟာ နိုင်ငံတကာစည်းမျဥ်းစည်းကမ်း အပြောင်းအလဲတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် NUG ကို ထောက်ခံဖို့ ဒါမှမဟုတ် အသိအမှတ်ပြုဖို့ အနောက်နိုင်ငံတွေက ပျက်ကွက်နေခြင်းရဲ့ ရလဒ်လည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (မြန်မာ့အရေးထက် တစ်နှစ်နောက်ကျပြီးမှ ဖြစ်ပွားတဲ့) ယူကရိန်းစစ်ပွဲမှာ အနောက်နိုင်ငံကြီးတွေရဲ့ အကြီးအကျယ် ကူညီပေးနေမှုဟာ မြန်မာပြည်သူတွေကို (အကူညီပေးနိုင်ပါရက်နဲ့) ဘယ်လောက်အထိ မျက်ကွယ်ပြုထားကြသလဲဆိုတာကို ဖော်ပြနေပါတယ်။
ယူကရိန်း နဲ့ မြန်မာနိုင်ငံတို့မှာ မတူကွဲပြားချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံစလုံးက ရက်စက်လွန်းတဲ့ စစ်အာဏာရှင်တွေကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးနေကြရတဲ့ ပြည်သူတွေ သောက ပင်လယ်ဝေနေပုံချင်း တူညီနေပြီး နှစ်နိုင်ငံစလုံးက ထောက်ပံ့ကူညီမှု နဲ့ အသိအမှတ်ပြုမှုတွေ ရရှိဖို့ လိုအပ်နေတာပါ။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ စိတ်အားထက်သန်မှု မရရှိခြင်း၊ ယူကရိန်းအရေးက လူအများရဲ့ အာရုံကို သိမ်းယူထားခြင်း နဲ့ ထိုင်ဝမ်မှာ စစ်ရေးအခြေအနေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခြင်း စတဲ့ ဖိအားတွေကလည်း အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေကို မြန်မာ့အရေးကို ရှေ့တန်းမတင်စေဖို့ လမ်းလွှဲစေနိုင်ပါတယ်။
ဒီနေရာမှာ ခေတ်သစ်အာဏာရှင်အစုအဖွဲ့ကြီးကတော့ မြန်မာစစ်တပ်ကို ဘာဖိအားမှ မရှိဘဲ အင်တိုက်အားတိုက် ကူညီနေပါတယ်။ သူတို့အတွက် အသုံးဝင်တဲ့ မိတ်ဖက်အဖြစ် မြန်မာစစ်တပ်ကို ကြိုဆိုနေကြပါတယ်။
မြန်မာ့အကျပ်အတည်းဟာ ရှည်လျားတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးကျပ်နံကျပ်ကာလဆိုးတစ်ခုကို ဦးတည်သွားနေတယ်လို့ ၂၀၂၁ ခုနှစ်က ကျွန်တော် သုံးသပ်ဖူးပါတယ်။ မကြာခင်က အဖြစ်အပျက်တွေကိုကြည့်လိုက်ရင် ရှေ့လျှောက် အကြမ်းဖက်မှုတွေက ပိုမိုပြင်းထန်လာဖို့ ရှိနေပြီး အဆိုးဆုံး အခြေအနေတွေ ထပ်တွေ့နိုင်ပါသေးတယ်။
၂၀၂၁ ခုနှစ်ကနေ ဒီကနေ့ အချိန်အထိ မြန်မာစစ်တပ်မှာလည်း ထိခိုက်မှုတွေ၊ အားနည်းချက်တွေ နဲ့ ဆုံးရှုံးမှုတွေ တွေ့ကောင်းတွေ့နိူင်ပေမဲ့ အနောက်နိုင်ငံကြီးတွေက NUG နဲ့ PDF ကို အသိအမှတ်ပြုဖို့၊ တက်တက်ကြွကြွ အားပေးထောက်ခံဖို့ ငြင်းဆန်နေသရွေ့ လက်တွေ့မှာ ရလဒ်တွေက ပြင်ပက ထင်မြင်နေကြတာနဲ့ များစွာကွာခြားသွားနိုင်ပါတယ်။
အတိုက်အခံအင်အားစုတွေအနေနဲ့ အနောက်ရဲ့ အကူအညီမရရှိသရွေ့ စစ်အုပ်စုက မိတ်ဖက် အာဏာရှင်ကြီးတွေရဲ့ အထောက်အပံ့နဲ့ သက်ဆိုးရှည်ကြာနေဦးမှာ ဖြစ်ပါတယ်။
စာရေးသူ- Gerard McDermott
( The Diplomat မှာ ဖော်ပြခဲ့တဲ့ Gerard McDermott ရေးသားတဲ့ “Myanmar’s Military Junta and the Neo-Authoritarian Bloc” ဆောင်းပါးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်)
The Tanintharyi Times
