လူထုနဲ့ အနီးကပ်ဆုံး တော်လှန်ရေးနည်းလမ်းဟာ သပိတ်တွေဖြစ်တယ်။

လူထုနဲ့ အနီးကပ်ဆုံး တော်လှန်ရေးနည်းလမ်းဟာ သပိတ်တွေဖြစ်တယ်။

The Tanintharyi Times

ဒီတစ်ပတ် “တောင်ပိုင်းသားတို့အသံ” ကဏ္ဍအတွက် အဖမ်းအဆီးတွေကြားကနေ ပုံစံမျိူးစုံနဲ့ သပိတ်ထွက်နိုင်အောင် စုစည်း၊ ဆောင်ရွက်နေတဲ့ တော်လှန်ရေးနဲ့ လူထုကို ကင်းကွာမသွားအောင် ပေါင်းကူးတံတားခင်းပေးနေတဲ့ ခရိုင်သပိတ်ကော်မတီက သပိတ်လှုံ့ဆော်သူတစ်ဦးရဲ့အသံကို ဖော်ပြဖို့ The Tanintharyi Times ကရွေးချယ်ထားပါတယ်။

(တောင်ပိုင်းသားတို့ အသံ)

မေး – လူထုပါဝင်လာအောင်လှုံဆော်တဲ့ သပိတ်တွေ ဘာကြောင့်လုပ်နေရတာလဲ။
ဖြေ – တော်လှန်ရေးတရပ်အောင်မြင်ဖို့အတွက် လူထုပါဝင်မှုက အဓိကကျလို့ လူထုပူးပေါင်းပါဝင်မှုရှိတဲ့ တော်လှန်ရေးဟာ အောင်မြင်ဖို့ကျိန်းသေပါတယ်။ ဒါကြောင့် လူထုကိုလှုံ့ဆော်ရခြင်းပါ။

မေး – အခုလက်ရှိလူထုပါဝင်မှုက ဘယ်လိုအခြေအနေဖြစ်နေလဲ။
ဖြေ – လက်ရှိ လူထုကတော့ သပိတ်ကို ကြိုဆိုတဲ့အဆင့်ကနေ၊ အရင်ကလို သပိတ်ထဲ လိုက်ပါတဲ့အဆင့်ထိတောင် ပြန်ရောက်လာပါတယ်။

မေး – သပိတ်တွေက တော်လှန်ရေးမှာ ဘယ်လောက်ထိ အရေးပါနေသေးလဲ။
ဖြေ – သပိတ်က တော်လှန်ရေးနဲ့ လူထုကို ကင်းကွာမသွားအောင် ပေါင်းကူးပေးတဲ့ တံတားတခုဆိုလည်း မမှားပါဘူး။ လူထုနဲ့ အနီးကပ်ဆုံး တော်လှန်ရေးနည်းလမ်းဟာ သပိတ်တွေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ သပိတ်တွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ သွေးအေးမသွားဖို့ နှိုးဆွပေးနေတဲ့အရာတစ်ခုဖြစ်တယ်။
နောက်တစ်ခုက တော်လှန်ရေးရဲဘော်တွေကိုရော၊ ပြည်သူတွေကိုပါ စိတ်ဓာတ်မြှင့်တင်နိုင်ဖို့ပါ။ ကျနော်တို့ သပိတ်လှုပ်ရှားမှုတွေသာမရှိရင် ပြည်သူတွေက ကျနော်တို့ တော်လှန်ရေးကျရှုံးသွားပြီဆိုပြီးစစ်အာဏာရှင်လက်အောက်မှာ ခေါင်းငုံ့သွားချင်ခေါင်းငုံ့သွားနိုင်တယ်။ အခုလိုမျိုး သပိတ်လှုပ်ရှားမှုတွေရှိတော့ တော်လှန်ရေးဟာ လုံးဝမကျရှုံးသေးဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ သူတို့လည်း စစ်အာဏာရှင်တွေကို ရတဲ့နည်းလမ်းတွေနဲ့ တော်လှန်နေကြတာ။
နောက်ပြီး အချို့လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ တရားလက်လွန်ပြုကျင့်မှုတွေကို ကျနော်တို့ သပိတ်အင်အားစုတွေက တည့်မတ်ပေးနိုင်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ တော်လှန်ရေးအတွက်တော်တော်အရေးကြီးပါတယ်။

မေး – သပိတ်တွေ မရှိတော့ရင်၊ အသံတိတ်သွားမယ်ဆိုရင် တော်လှန်ရေးက ဘယ်လိုပုံစံဖြစ်လာမလဲ။
ဖြေ – အပေါ်မှာပြောခဲ့သလိုပဲ့ ပြည်သူတွေသွေးအေးသွားနိုင်ပါတယ်၊ နောက်ပြီး စစ်တပ်က ပြည်သူတွေကို အလွယ်တကူ အုပ်ချုပ်သွားနိုင်ပါတယ်။ နောက်တချက်က နိုင်ငံတကာမျက်နှာစာမှာလည်း ကျနော်တို့တော်လှန်ရေးရဲ့ ပုံရိပ်ဟာ တဆင့်နိမ့်ကျသွားနိုင်ပါတယ်။

မေး – အဖမ်းအဆီးတွေကြားက ပုံစံမျိူးစုံနဲ့ သပိတ်ထွက်နိုင်အောင် ဘယ်လို စုစည်း၊ ဆောင်ရွက်နေရလဲ။
ဖြေ – အဓိကက ကင်းထောက်ကို သေချာလုပ်ထားပါတယ်။ နောက်ပြီး သပိတ်ရဲဘော်တွေအကြား မြန်မြန်ဆန်ဆန်ဆက်သွယ်နိုင်အောင် စုဖွဲ့မှုကိုသေချာလုပ်ထားပါတယ်။

မေး – လောင်းလုံးမြို့နယ်မှာ အခုနောက်ပိုင်းကျေးရွာ သပိတ်တွေ အင်အားပြန်ကောင်းလာတာတွေ့ရတယ်။ ဘာကြောင့်ပါလဲ။
ဖြေ – အဓိကကတော့ အကသ(လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ)ရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုပါ။ အကသ ရဲဘော်တွေက အသက်သာငယ်ပေမယ့်တော်လှန်ရေးနဲ့ပတ်သက်လာရင် တကယ်စိတ်ဆန္ဒပြင်းထန်ပါတယ်။ သူတို့တွေ ကြိုးကြိုးစားစားနဲ့ကျေးရွာတွေကို လိုက်လံစည်းရုံးခဲ့လို့ အခုလိုမျိုး ကျေးရွာသပိတ်တွေပြန်အားကောင်းလာတာပါ။
နောက်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီ၊ လောင်းလုံးမြို့နယ်သပိတ်ကော်မတီ၊ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ရဲဘော်တွေဟာ ကျေးရွာတွေအထိသွားပြီး လူထုကို စည်းရုံးဟောပြောတာတွေလုပ်တယ်။ ဒါတွေကြောင့် အခုလိုမျိုး ကျေးရွားသပိတ်တွေ ပြန်အားကောင်းလာတာပါ။ ဘယ်အဖွဲ့မှမဟုတ်ဘဲ ပြည်သူတစ်ယောက်အနေနဲ့ သပိတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ ရဲဘော်တွေလည်းအများကြီးပါ။

မေး – တနင်္သာရီတိုင်းက တခြားမြို့နယ်တွေမှာ စစ်အာရှင်ဆန့်ကျင်တဲ့သပိတ်တွေ မရှိတော့တဲ့အပေါ်ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ – သူတို့လည်း သူတို့မြေပြင်အခြေအနေရ သပိတ်မထွက်နိုင်တာပါ။ ထားဝယ်ခရိုင်ထဲမှာဆို ရေဖြူ၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်ထဲက ရွာတွေမှာက တိုက်ပွဲတွေရှိတော့ သပိတ်ဘက်မလှည့်နိုင်တာပါ။ အခြားမြို့နယ်တွေက ရဲဘော်တွေကလည်း လက်နက်ကိုင်တော်လှန်ရေးဘက် ရောက်သွားတာရှိပါတယ်။ အဲအတွက် ဒီအပေါ်မှာတော့ Negative ဘက်ကနေ မှတ်ချက်မပေးလိုပါဘူး။

မေး – အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေရဲ့ ပန်းတိုင်ကဘာပါလဲ။
ဖြေ – စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်တွေကို လူထုအားနဲ့ အရောက်သွားဖို့ပါ။