ထားဝယ်၊ အရှေ့တောဒေသက တစ်နိုင်တစ်ပိုင် ခဲလုပ်ကွက်တွေမှာ KNU ကအခွန်စကောက်
ထားဝယ်၊ အရှေ့တောဒေသက တစ်နိုင်တစ်ပိုင် ခဲလုပ်ကွက်တွေမှာ KNU ကအခွန်စကောက်

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက ကျေးရွာတချို့မှာရှိတဲ့ တစ်နိုင်တစ်ပိုင်ခဲသတ္တုတူးဖော်ရေး လုပ်ကွက်တွေမှာ KNU ဘက်အခုလကစတင်ပြီး အခွန်ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ ရမ္မဇူ၊ သရက်ငုတ်၊ ပခပ် အဲဒီရွာတွေမှာရှိတဲ့ ခဲလုပ်ငန်းခွင်တွေမှာ KNU တာဝန်ခံတစ်ဦးကအခွန်ငွေ ကျပ်နှစ်သိန်းစီ လာရောက်ကောက်ခံသွားတယ်လို့ ဒေသခံတွေ ဆီကစုံစမ်းသိရှိရပါတယ်။
အခုလိုကောက်ခံတာကို တစ်လတစ်ကြိမ် လကုန်တိုင်းကောက်ခံသွားမယ်လို့လည်း KNUဘက်က ပြောဆိုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လမကုန်ခင်ကတည်းက ပိုက်ဆံကောက်မယ်ဆိုပြီးကြိုလာပြောထားတယ်။ တကယ်လည်း လကုန်တာနဲ့လာကောက်သွားတယ်။ လတိုင်းပေးရမှာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
တစ်ပိုင်တစ်နိုင်ခဲသတ္တုလုပ်ကိုင်သူတွေဟာ ခဲဖောင်တွေနဲ့ ရေဆိုင်း၊ ကုန်းဆိုင်းနှစ်မျိုး လုပ်ကိုင်ကြတာပါ။ အခွန်ငွေကိုတော့ နှစ်မျိုးစလုံးမှာ ကောက်ခံသွားတာလို့ ဒေသခံတွေကဆိုပါတယ်။
အခွန်ကောက်ခံသွားတဲ့ ကျေးရွာငါးခုမှာ လက်လုပ်လက်စား ခဲဖောင်ပေါင်း ရာနဲ့ချီရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ခဲသတ္တုကိုကားနဲ့သယ်ယူရောင်းချချိန်မှာလည်း တစ်ပိဿာကို ပေါက်စျေးရဲ့ ငါးရာခိုင်နှုန်း KNU ဘက်က အခွန်ကောက်ခံတာကြောင့် အခွန်နှစ်ခါပေးနေရတာဟာ အဆင်မပြေဘူးလို့ ကာယကံရှင်တွေက ဆိုပါတယ်။
“လုပ်နေတဲ့သူတွေကတော့ မထည့်ချင်ကြဘူးပေါ့။ အစကမကောက်ဘူး အခုမှဒီဘက်တက်လာကောက်တာ။ တစ်မျိုးပြီးတစ်မျိုးပေးနေရတာကတော့ အဆင်မပြေဘူးလေ” လို့ ခဲသတ္တုလုပ်ငန်း လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အရှေ့တောဒေသမှာ ကုမ္ပဏီတွေက စက်ယန္တရားနဲ့ ခဲသတ္တုတူးဖော်နေသူတွေလည်းရှိပြီး လုပ်ငန်းအကြီး၊ အသေးပေါ်မူတည်ပြီး အခွန်ကောက်ခံတာတွေရှိပါတယ်။
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကို တနင်္သာရီတိုင်းက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။
KNU တပ်ဖွဲ့တွေဟာ သရက်ချောင်းမြို့နယ်မှာရှိတဲ့ ပင်လယ်ကမ်းခြေရွာတချို့က ငါးဖမ်းစက်လှေတွေနဲ့ ဥယျာဥ်ခြံလုပ်ကိုင်သူတွေဆီမှာလည်း ငွေကျပ်သိန်းဂဏန်းအခွန်ကောက်ခံတာတွေ ရှိခဲ့ဖူးပါတယ်။
The Tanintharyi Times