စစ်ကောင်စီစစ်ကြောင်းနှစ်ခုဝင်ရောက်လာလို့ ထားဝယ်၊ အရှေ့တောဒေသက ကျေးရွာ ၇ ရွာ စစ်ရှောင်ပြေး

စစ်ကောင်စီစစ်ကြောင်းနှစ်ခုဝင်ရောက်လာလို့ ထားဝယ်၊ အရှေ့တောဒေသက ကျေးရွာ ၇ ရွာ စစ်ရှောင်ပြေး

ပုံစာ - အခုနှစ်ဇွန်လမှာ စစ်ဘေးရှောင်ခဲ့ရတဲ့ သရက်ချောင်းမြို့နယ်က ဒေသခံတွေ။

ထားဝယ်မြို့နယ်ထဲက အရှေ့တောဒေသကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာလို့ ကားလမ်းမတလျှောက်က ကျေးရွာတွေက ဒေသခံတွေ ​စစ်ဘေးရှောင်နေကြတယ်လို့ ​ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတစ်ခုက ထီးခီးနယ်စပ်ဘက်ကထွက်လာတာဖြစ်ပြီး မေတ္တာမြို့ကတဆင့် ကျောက်မဲတောင်ရဲစခန်းကို မနေ့ကရောက်ရှိလာပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာတော့ တောလမ်းအတိုင်း ထားဝယ်ဘက်ကို ထွက်ခွါသွားတယ်လို့ သိရတယ်။

အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်း နောက်တစ်ခုကလည်း ထားဝယ်ဘက်ကနေ အရှေ့​တောဒေသကို ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်လာခဲ့ပါတယ်။

အဲဒီလိုအဝင်နဲ့အထွက် စစ်ကြောင်းနှစ်ခုရောက်လာလို့ အရှေ့တောဒေသထဲက ဝကုန်း၊ ဘဝပင်၊ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ရမ္မဇူနဲ့ ပခပ်ရွာတွေက ဒေသခံတွေ ဟာ ဒီနေ့မှာ စစ်ဘေးရှောင်နေကြရပါတယ်။

“မနေ့က သတင်းကြားကတည်းက အကုန်ထုပ်ပိုးပြီး ထားထားကြတာ။ ဒီနေ့တော့တယောက်မှ မရှိတော့ဘူး” လို့ ဝကုန်းရွာအနီးနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီရွာတွေဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဥ်တန်းတွေလာတဲ့အချိန်တိုင်းမှာ မကြာခဏ စစ်ဘေးရှောင်နေရတဲ့ ရွာတွေပဲ ဖြစ်ပါတယ်။

ကျောက်မဲတောင်ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်းကတော့ ထားဝယ်ဘက်ကို တောလမ်းအတိုင်း ဦးတည်ချီတက်နေပြီး စစ်ကြောင်းရှိနေတဲ့ တောထဲဘက်က ပေါက်ကွဲသံနဲ့ သေနတ်ပစ်ခတ်သံတွေလည်း ထွက်ပေါ်နေတယ်လို့ ​​ဒေသခံက ပြောပါတယ်။

ထားဝယ်ဘက်က ဝင်တဲ့စစ်ကြောင်းကတော့ ပခပ်ရွာကို ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရောက်ရှိလာပြီး လူသားဒိုင်းအဖြစ် ဒေသခံ အနည်းဆုံး ငါးဦးလောက်ကို ဖမ်းဆီးကာ တောလမ်းအတိုင်းဆက်သွားနေတယ်လို့ သိရပါတယ်။

ပစ်ခတ်သံတွေရဲ့​​ နောက်ဆက်တွဲအခြေအနေကို မသိရသေးသလို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့အခြေအနေအသေးစိတ်ကိုလည်း တနင်္သာရီတိုင်းမ်က စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “ထားဝယ်ဘက်ကစစ်ကြောင်းကတော့ ဆင်းကြိုတာလို့ ယူဆရတယ်။ လက်ရှိကတော့ နှစ်ကြောင်းလုံး တောထဲမှာ ပျောက်နေတယ်ဗျ” လို့ပြောပါတယ်။

အရှေ့တောဒေသဟာ ထားဝယ်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများစု အဓိကလှုပ်ရှားတဲ့နေရာဖြစ်သလို ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့တွေလည်း လှုပ်ရှားတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဥ်တန်းတွေ ဝင်ရောက်တဲ့အချိန်တိုင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ စာရင်းတွေအရ ထားဝယ်မြို့နယ်အရှေ့တောဒေသမှာ ပြီးခဲ့တဲ့သြဂုတ်လက တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်ခန့်ရှိခဲ့ပါတယ်။

The Tanintharyi Times