KNU ကားချောင်းပစ်ခတ်ခံရပြီးနောက် မေတ္တာ-ထီးခီးလမ်းကို ကရင်တော်လှန်ရေးအဖွဲ့နှစ်ခုလုံးက ပိတ်ထား
KNU ကားချောင်းပစ်ခတ်ခံရပြီးနောက် မေတ္တာ-ထီးခီးလမ်းကို ကရင်တော်လှန်ရေးအဖွဲ့နှစ်ခုလုံးက ပိတ်ထား
ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးလမ်းပိုင်းကိုကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄)နဲ့ ကော်သူးလေတပ်မတော်နှစ်ခုစလုံးက သွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မေတ္တာ-ထီးခီးနယ်စပ်လမ်းကို ကော်သူးလေတပ်မတော် KTLA ဘက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကစလို့ အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ခဲ့ပါတယ်။
လမ်းပိတ်ပြီးနောက် တစ်ပတ်အကြာ အခုလ ၃ ရက်နေ့မှာတော့ တပ်မဟာ ၄ KNLA (တပ်ရင်း ၁၀) ကကားတစ်စီးကို အဲဒီလမ်းပေါ်က ဝါးတောကျေးရွာအနီးမှာ ကော်သူးလေတပ်မတော်ဘက်က ချောင်းပစ်တာကြောင့် KNLA တပ်ရင်း ၁၀ (တပ်ခွဲ ၁) က ဒုတပ်ခွဲမှူး စောလားဒိုသေဆုံးပြီး ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ KNU တပ်မဟာ ၄ ဘက်ကလည်း မေတ္တာ-ထီးခီးနယ်စပ်လမ်းကို ခရီးသည်တွေလုံခြုံရေးအတွက် သွားလာခွင့် ယာယီပိတ်ထားတယ်လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ဆိုပါတယ်။
“အဲဒီလမ်းကို အစက KNU ဘက်ကမပိတ်ပါဘူး။ စကစ သုံးနေတဲ့လမ်းလည်းမဟုတ်တော့ ဘယ်လိုပိတ်မလဲ။ အခုက ထိခိုက်မှုတွေရှိနေလို့ ကျနော်တို့ သွားခွင့်မပြုသေးဘူး” လို့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
မေတ္တာ-ထီးခီးလမ်းဟာ စစ်ကောင်စီတပ်သားတွေ အသုံးပြုတာမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေပဲ သွားလာနေတဲ့ လမ်းဖြစ်တယ်လို့ ပဒိုအယ်နားက ဆက်ပြောပါတယ်။
လမ်းတစ်လျှောက်မှာတော့ တပ်မဟာ ၄ ရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ကော်သူးလေတပ်မတော်ရဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီလမ်း သွားလာလို့မရသေးတာကြောင့် ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင် ရောက်နေတဲ့သူတွေနဲ့ သွားလာနေတဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်ကနေ မေတ္တာအထိလမ်းပိုင်းကို အဓိက စစ်ကြောင်းထိုးပြီးသွားလာတာတွေ လုပ်ဆောင်လေ့ ရှိပါတယ်။
လက်ရှိမှာလည်း အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ကျောက်မဲတောင်ရဲစခန်းနဲ့ မေတ္တာမြို့က စစ်ကောင်စီစခန်းတွေကိုရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ဆိုပါတယ်။
ပဋိပက္ခတွေရှိနေတဲ့ KNU တပ်မဟာ ၄ နဲ့ ဗိုလ်အယ်ခွီး(ကော်လာဖိုး) ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မက တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေရက်ဆက်ဖြစ်ခဲ့ပြီး အခုလက်ရှိမှာလည်း အရှိန်မြင့်နေဆဲဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှလည်း ဝကုန်းရွာမှာရှိတဲ့ ဘဝပင်လမ်းဆုံက ကော်သူးလေတပ်မတော်ရဲ့ ဂိတ်တစ်ခုကို တပ်မဟာ KNLA တပ်ဖွဲ့ဝင်တွေက မီးရှီု့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
တနင်္သာရီမြို့နယ်က တနင်္သာရီ-မောတောင်လမ်းပိုင်းကိုလည်း Black Cobra Column စစ်ကြောင်းက အခုလ ၄ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့်လို့ဆိုကာ သွားလာခွင့်ပြန် ပိတ်ထားပါတယ်။
The Tanintharyi Times
