CDM သူနာပြု တစ်ဦးနဲ့ အင်တာဗျူး

CDM သူနာပြု တစ်ဦးနဲ့ အင်တာဗျူး

“ကိုယ့်အနာဂတ်အတွက် ကိုယ်စီအတ္တ ရှိနေပေမဲ့ ကိုယ့်အတ္တတွေကို ခဏလေးပဲ ဘေးဖယ်ပြီး တော်လှန်ရေးမှာ ပါဝင်နေမယ်ဆိုရင် ဒီတော်လှန်ရေးက ဒီလောက်ထိ ကြန့်ကြာသွားမှာ မဟုတ်ဘူး။”

စစ်အာဏာရှင်အောက် ဒူးမထောက်လိုတဲ့ ခံယူချက်နဲ့ အလုပ်အကိုင်ကို စွန့်၊ ရာထူးနေရာကို ချန်ထားရစ်ခဲ့တဲ့ CDM သူနာပြု တစ်ဦးရဲ့ အသံကို ဒီတပတ် “တောင်ပိုင်းသားတို့အသံ”အစီအစဉ်အတွက် ရွေးချယ်ထားပါတယ်။ စိန်ခေါ်မှုအသစ်တွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရလည်း မယိမ်းမယိုင်ဘဲ တည်ရှိနေတဲ့ သူ့ရဲ ခံယူချက်တွေက ဘာတွေပါလဲ၊ တနင်္သာရီတိုင်းမ်က မေးမြန်း ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး- သူနာပြု၊ နာ့စ်တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လို ကြိုးစားခဲ့လဲ။

ဖြေ – ကျောင်းပြီးဖို့ အချိန်၃နှစ်၊ ငွေတွေနဲ့စိတ်ပင်ပန်းမှုတွေ အများကြီးရင်းခဲ့ရတယ်။ ပြောရရင်တော့အများကြီးပါပဲ။ ကျောင်းတက်တဲ့ချိန်မှာ စာ‌တွေမှီအောင်လိုက်ကျက်ရတာ၊ ဆေးရုံမှာလည်းလက်တွေ့ဆင်းရနဲ့ လူ့အသက်နဲ့အလုပ်လုပ်ရတဲ့ကိစ္စဆိုတော့ ဘာလုပ်လုပ် သတိမလွတ်အောင် ကြိုးစားရုန်းကန်ခဲ့ရတာပေါ့။

မေး- ဒီအလုပ်ကို စွန့်လွှတ်ပြီး CDM လုပ်ဖို့ဘာဖြစ်လို့ ရွေးချယ်ခဲ့တာလဲ။

ဖြေ – စစ်အာဏာသိမ်းတော့ လုံးဝလက်ခံနိုင်စရာအကြောင်းလည်းမရှိဘူး။သူတို့လက်အောက်မှာလည်းအလုပ်လုပ်ချင်စိတ်မရှိတော့ဘူး။အာဏာရှင်စနစ်ကျဆုံးဖို့အတွက် CDMမှာပါဝင်ခဲ့တာပါ။

မေး- အခုရော အသက်မွေးဝမ်းကြောင်းအတွက် ဘာတွေ လုပ်ဖြစ်နေလဲ။

‌ဖြေ – အခုလောလောဆယ်တော့ အုန်းသီးရုံမှာလုပ်နေပါတယ်။အုန်းသီးရုံမှာက အုန်းသီးနည်းတော့ တပတ်မှာ အလုပ်က ၃ရက် လောက်ပဲရှိတယ်။ ၁၀ရက် ပိတ်တဲ့အခါလည်းရှိတယ်။အဲဒီလစာနဲ့ပဲအခန်းခ၊ မီတာခ၊ ရေခရောစားစရိတ်ပါဖြေရှင်းနေရတော့ ခက်ခဲတာပေါ့။အလုပ်ပြောင်းဖို့ကလည်း ဘာအထောက်အထားမှမရှိလို့ အလုပ်ရှာလို့မရသေးတော့ အလုပ်လုံးဝမရှိတာနဲ့စာရင် တစ်ပတ်၃ရက်လုပ်ရလည်းဆက်ပြီးလုပ်နေရတာပေါ့နော်။

မေး – စကစလက်အောက်မှာ အလုပ်မလုပ်တော့ပေမဲ့ တတ်ထားတဲ့ ဆေးပညာကို ဘယ်လိုအသုံးချဖြစ်လဲ။

ဖြေ – ကိုယ့်မှာရှိတဲ့ ဆေးအိတ်လေးနဲ့ပဲ လူနာတွေလာခေါ်ရင် ဆေးသွားထိုးပေးတာတို့၊ လိုက်ကြည့်ပေးတာတို့၊ ဆေးခန်းသွားမယ်ဆိုလည်းလိုက်ပေးတယ်။ ဆေးဖိုးကတော့ပေးရင်လည်းယူတယ်။ မပေးရင်လည်းမတောင်းဘူး။ခုထိုင်းရောက်တော့ လိုင်းပေါ််ကနေလာမေးကြတာဆိုလည်း ကိုယ်တိုင်လိုက်မပေးနိုင်တော့ပြောပြပေးတယ်။ ဘယ်ဆရာနဲ့ပြတာတို့၊ ဘာတို့ပေါ့နော်။

ကိုယ်ရောက်တဲ့နေရာ ရှိတဲ့နေရာမှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ ကူညီပေးဖြစ်တယ်။ကိုယ်မသိတဲ့ဟာတွေဆိုလည်း ကိုယ့်ဆရာတွေကိုမေးပေးပြီးကူညီဖြစ်တယ်။သိချင်တာလေးတွေရှိရင်လည်း ရှင်းပြပေးတယ်။ အကြံဥာဏ်ပေးဖြစ်ပါတယ်။

မေး – ပုံမှန်ဝင်ငွေ တစ်ခုမရှိတော့တဲ့ အခြေအနေ အခက်အခဲတွေ့တဲ့အချိန်မှာ CDM လုပ်ခဲ့တာကို နောင်တရတဲ့ စိတ်ဖြစ်သလား။

ဖြေ – CDMလုပ်လို့နောင်တမရပေမဲ့ပုံမှန်ဝင်ငွေမရှိတော့တဲ့သူတစ်ယောက်အတွက်တော့ စိတ်ဖိစီးမှူတွေ၊ စိတ်ဓာတ်ကျနေရတာတွေကတော့မပြောပြနိုင်လောက်အောင်ပါပဲ။

မေး – ဘဝတူတွေဖြစ်တဲ့ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီအစီစဥ်ကနေ ပြောချင်တာရှိလား။

ဖြေ – အခက်အခဲပေါင်းများစွာထဲကနေခုချိန်ထိ ဆက်ပြီးတောင့်ခံပေးလို့လည်း ကျေးဇူးတင်ပါတယ်လို့။ တစ်နေ့တော်လှန်ရေးအောင်မြင်တဲ့နေ့ကျရင်ငါတို့လိပ်ပြာသန့်သန့်နဲ့ အောင်ပွဲခံကြရအောင်။

မေး – CDM မလုပ်ရသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုရော ပြောချင်တာရှိသေးလား။

ဖြေ – လူတိုင်းက အခက်အခဲ ကိုယ်စီရှိပါတယ်။ ကိုယ့်အနာဂတ်အတွက် ကိုယ်စီအတ္တ ရှိနေပေမဲ့ ကိုယ့်အတ္တတွေကို ခဏလေးပဲ ဘေးဖယ်ပြီး တော်လှန်ရေးမှာပါဝင်နေမယ်ဆိုရင် ဒီတော်လှန်ရေးက ဒီလောက်ထိကြန့်ကြာသွားမှာမဟုတ်ဘူး။ စကစလက်အောက်တာဝန်ထမ်းဆောင်တာဟာ စကစထောက်တိုင်ဖြစ်နေသလို သူရဲကောင်းတွေ ကျဆုံးနေရခြင်းမှာ Non CDM တွေရဲ့ပယောဂ မကင်းဘူးလို့ ပြောချင်ပါတယ်။

မေး – ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်လို့ ဆေးရုံတွေမှာ ဆေးမကုနိုင်‌တော့တာလို့ စကစက ပြောဆိုနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်ချင်လဲ။

ဖြေ – စစ်အာဏာမသိမ်းရင်ဒီလိုကိစ္စကရှိလာမှာမဟုတ်ပါဘူး။ အာဏာသာပြန်ပေးရင်ဒီကိစ္စကဖြေရှင်းပြီးသားဖြစ်မှာပါ။ ကျန်းမာရေးဝန်ထမ်းတွေကCDMလုပ်လို့ဆေးရုံမှာဆေးမကုပေးနိုင်ပေမဲ့ ရောက်တဲ့နေရာမှာတတ်စွမ်းသလောက်ကူညီပေးကြပါတယ်။

The Tanintharyi Times