စစ်ကောင်စီတပ်တွေ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတယ်လို့သတင်းထွက်ပေါ်ခဲ့တဲ့အမျိုးသမီး တစ်ပတ်ကျော်ကြာတဲ့အထိ ပျောက်နေ

စစ်ကောင်စီတပ်တွေ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတယ်လို့သတင်းထွက်ပေါ်ခဲ့တဲ့အမျိုးသမီး တစ်ပတ်ကျော်ကြာတဲ့အထိ ပျောက်နေ

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု အင်းပြားကျေးရွာမှာ စစ်ကောင်စီတပ်သားတွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာကိုခံခဲ့ရတယ်လို့ယူဆရတဲ့ အမျိုးသမီးဟာ အခုအချိန်ထိပျောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အသက် ၄၀ ဝန်းကျင်အရွယ် ဒီအမျိုးသမီးဟာ မေလ ၂၆ ရက် နေ့လယ်ပိုင်းက အင်းပြားရွာကနေ စော်ဖျားရွာဘက်ကို နွားစားကျက်သွားပြောင်းချိန် စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး အဓမ္မပြုကျင့်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

“အဲဒီရက်တွေတုန်းက စော်ဖျားရွာနားမှာ ကင်ပုန်းဝပ်နေတဲ့စစ်သား ၃ယောက်လောက်ရှိတယ်။ သူနွားပြောင်းသွားချိန် အဲဒီစစ်သားတွေက ဆွဲရမ်း နေတာကိုမြင်လိုက်တဲ့သူကအရမ်းကြောက်ပြီး ရွာမှာလာပြောပြတာ” လို့ရွာသားတစ်ဦးကပြောပါတယ်။

အင်းပြားကျေးရွာမှာနေထိုင်တဲ့ သူမဟာ နွားမွေးတဲ့လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး နွားပြောင်းသွားချိန်အနီးအနားကရွာတွေအထိသွားလာနေတာမျိုးရှိတယ်လို့လည်းရွာခံကဆိုပါတယ်။

နောက်ပြီးသူမဟာ ရွာမှာတစ်ဦးတည်းနေထိုင်သူဖြစ်ပြီး သားသမီးလည်းမရှိတဲ့အပြင် အမျိုးသားဖြစ်သူဆုံးပါးသွားတာလည်းကြာပြီဖြစ်တယ်လို့သိရပါတယ်။

“အခုသူ့အိမ်ကလည်းအခု ဟာလာဟင်းလင်းပဲ။ ဆွေမျိုးသားချင်းတွေက အနီးအနားကရွာတွေအထိမေးမြန်းစုံစမ်းတာတွေလုပ်တယ်ပြောတယ်။ အခုအချိန်ထိတော့ ဘာသတင်းအစအနမှမရသေးဘူး” လို့ရွာခံကဆက်ပြောပါတယ်။

ဒေသခံတွေကတော့ ဒီအမျိုးသမီးကို စစ်ကောင်စီတပ်သားတွေ အဓမ္မပြုကျင့်ပြီး လက်စဖျောက်လိုက်တာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာမျိုးလည်းရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။

The Tanintharyi Times