လောင်းလုံးမြို့ပေါ်က ပျူစောထီးခေါင်းဆောင် ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရ
လောင်းလုံးမြို့ပေါ်က ပျူစောထီးခေါင်းဆောင် ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရ
လောင်းလုံးမြို့ပေါ်ကပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦး ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရတာကတော့ လောင်းလုံးမြို့ပေါ်က ပျူစောထီးခေါင်းဆောင်လို့နာမည်ကြီးတဲ့ အသက် ၅၀ ကျော်အရွယ် ဦးမင်းသိန်းဖြစ်တယ်လို့သိရပါတယ်။
ဦးမင်းသိန်းဟာ ဆိုင်ကယ်နဲ့ လောင်းလုံးမြို့ပေါ်က ညောင်ပင်လမ်းဆုံအနီးရောက်လာချိန် ၈နာရီ ၄၀မိနစ်လောက်မှာ ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။
“ပေါင်ကိုပဲထိသွားတယ်။ မသေဘူး” လို့ လောင်းလုံးမြို့ပေါ်ကဒေသခံတစ်ဦးကပြောပါတယ်။
ဦးမင်းသိန်းဟာ လက်နက်ကိုင်ဆောင်ထားသူဖြစ်ပြီး သူ့လက်အောက်မှာပျူစောထီးအဖွဲ့ဝင် ၁၀ ဦးခန့်ရှိတယ်လို့လည်းသိရပါတယ်။
“သူ့မှာသေနတ်က အတိုတစ်လက်၊ အရှည်တစ်လက်ရှိတယ်။ လောင်းလုံးကပြည်သူတွေကိုအဓိကဒုက္ခပေးနေတဲ့သူပဲ။ မြို့ပေါ်မှာသူ့ကြောင့်ဖမ်းခံရတဲ့သူတွေလည်း တော်တော်ကိုများတာပါ” လို့မြို့ခံကဆက်ပြောပါတယ်။
ဦးမင်းသိန်းဟာ အရင်ကလည်းနေအိမ်မှာ ဝင်ရောက်ပစ်ခတ်ခံရတာမျိုးရှိခဲ့ပေမယ့် ထိခိုက်မှုတော့မရှိခဲ့ပါဘူး။
အခုပစ်ခတ်မှုကိုဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက်ပစ်ခတ်ခံရပြီးနောက်သိပ်မကြာခင်မှာတော့ သူ့ကိုအရေးပေါ်ကားနဲ့လာရောက်တင်ဆောင်သွားတယ်လို့သိရပါတယ်။
ပစ်ခတ်ခံရတဲ့နေရာကိုလည်း လောင်းလုံးရဲစခန်းက စစ်ကောင်စီတပ်သားနဲ့ရဲတွေရောက်ရှိလာပြီး သေနတ်ရမ်းသမ်းပစ်တာတွေ စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
အလားတူ လောင်းလုံးရဲစခန်းရှေ့မှာလည်း လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေသလို လောင်းလုံးနဲ့ထားဝယ်ကိုဆက်သွယ်ထားတဲ့ ကမျောကင်းတံတားမှာလည်း အစစ်အဆေးတင်းကြပ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးပစ်သတ်ခံခဲ့ရပါတယ်။
The Tanintharyi Times
