ပြည်ကြီးမဏ္ဍိုင်မြို့မှာ ရဲစခန်းမှူးဟောင်းနဲ့ နောက်အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ကဖမ်းဆီး

ပြည်ကြီးမဏ္ဍိုင်မြို့မှာ ရဲစခန်းမှူးဟောင်းနဲ့ နောက်အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ကဖမ်းဆီး

စစ်ကောင်စီခန့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ ရဲစခန်းမှူးဟောင်းတစ်ဦးနဲ့ နောက်ထပ်အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့က ထင်းမယ်ရွာမှာ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။

အဖမ်းခံရသူနှစ်ဦးအနက် တစ်ဦးက ပြည်ကြီးမဏ္ဍိုင် နယ်မြေရဲစခန်းမှာ စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးတဲ့ အသက် ၆၀ ကျော်အရွယ်ဦးမောင်မောင်ဖြစ်တယ်လို့သိရပါတယ်။

ဦးမောင်မောင်ဟာ လက်ရှိမှာ ချောင်းကဖက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဖမ်းခံရသူနောက်တစ်ဦးကတော့ တောင်ငယ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသောင်းညွန့်ဆိုသူဖြစ်ပြီး သူဟာလည်း ထင်းမယ်ရွာလမ်းတစ်နေရာမှာဖမ်းဆီးခံရတာလို့ဆိုပါတယ်။ ဦးသောင်းညွန့်ဟာ စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေသူဖြစ်တယ်လို့သိရပေမယ့် တနင်္သာရီတိုင်းမ်အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သူတို့နှစ်​ယောက်ကို ဘယ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသေးသလို နောက်ဆက်တွဲအခြေအနေကိုလည်းအတည်မပြုနိုင်သေးပါဘူး။

သူတို့နှစ်ယောက်အဖမ်းခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားနှစ်ဆယ်ကျော်နဲ့ ထင်းမယ်ရွာအရှေ့ဘက်ခြမ်းကို တောနင်းရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

The Tanintharyi Times